ကော့သောင်းတွင် ထိုင်းငွေတစ်ဘတ်လျှင် မြန်မာငွေကျပ် ၉၀ ကျော်နှုန်းထားရှိနေ၊ ဗဟိုဘဏ်သတ်မှတ်နှုန်းထက် ငွေလှဲနှုန်းမြင့်တက်

ထိုင်း-မြန်မာ နယ်စပ်ဒေသဖြစ်သည့် တနင်္သာရီတိုင်း ကော့သောင်းမြို့၌ ယနေ့(စက်တင်ဘာ ၅ ရက်)မှစပြီး ထိုင်းဘတ်ငွေ လှဲလှယ်ရာတွင် ဗဟိုဘဏ်သတ်မှတ်ချက်ထက် ပြင်ပငွေကြေးဈေးကွက် ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း မြို့ခံများထံမှသိရသည်။

05 Sep 2022

Photo – Credit

DMG ၊ စက်တင်ဘာ ၅

ထိုင်း-မြန်မာ နယ်စပ်ဒေသဖြစ်သည့် တနင်္သာရီတိုင်း ကော့သောင်းမြို့၌ ယနေ့(စက်တင်ဘာ ၅ ရက်)မှစပြီး ထိုင်းဘတ်ငွေ လှဲလှယ်ရာတွင် ဗဟိုဘဏ်သတ်မှတ်ချက်ထက် ပြင်ပငွေကြေးဈေးကွက် ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း မြို့ခံများထံမှသိရသည်။

ထိုင်းဘတ်ငွေလှဲလှယ်နှုန်းကို ဗဟိုဘဏ်မှ တစ်ဘတ်လျှင် မြန်မာကျပ်ငွေ (၅၇)ကျပ်နှုန်းဖြင့် တရားဝင်သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ(၉၃) ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေသည်။

ထိုသို့ဖြစ်ရခြင်းမှာ လက်ရှိမြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေသည့်အတွက် ဗဟိုဘဏ် နိုင်ငံခြားငွေသတ်မှတ်ထားသည့် နှုန်းထားအလိုက်လဲလှယ်ရန် အဆင်မပြေမှုကြောင့်ဖြစ်သည်ဟု ကော့သောင်းမြို့ရှိ ထိုင်းဘတ်ငွေ လဲလှယ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“အခုက မြန်မာငွေတန်ဖိုးက မတရားကိုကျဆင်းနေတယ်။ ဗဟိုဘဏ်နှုန်းအတိုင်းသာ လှဲပေးရင် စီးပွားရေးသမားတွေ အကုန်ရှုံးပြီ။ ကော့သောင်းမှ မဟုတ်ဘူး မြဝတီတို့၊ ထားဝယ်ဘက်တို့လည်း အတူတူပဲ။ ဘတ်ငွေကို ကုန်သည်တွေအဓိကသုံးနေတာဆိုတော့ ပြင်ပမှာဘဲ အရောင်းအဝယ်ဖြစ်နေတယ်”ဟု ၎င်းကဆိုသည်။

ထိုင်းဘတ်ငွေနှင့် မြန်မာငွေလှဲလယ်နှုန်းမှာ ယနေ့ညနေ ၄ နာရီ အထိ တစ်နေ့တည်းတွင် တန်ဖိုးပြောင်းလဲမှု သုံးကြိမ်အထိဖြစ်ပေါ်နေပြီး ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ တစ်ရာကျပ်နီးပါးအထိ မြင့်တက်လာမှုကြောင့် ကုန်ပစ္စည်းများ ငွေပေးချေရာတွင် အခက်အခဲဖြစ်ပေါ်နေရကြောင်း ကော့သောင်းမြို့ရှိ နယ်စပ်ကုန်သည်များထံမှ သိရသည်။

“ငွေဈေးက မတရားကိုကျနေတယ်။ ဘတ်ငွေလဲဖို့က တစ်နေ့ထဲကို သုံးကြိမ်ပြောင်းတယ်။ အခုဆို တစ်ဘတ်ကို မြန်မာငွေ တစ်ရာနားဖြစ်နေတယ်။ ကုန်တွေပြန်ဝယ်တဲ့အခါ ရှုံးတာက များနေတော့ မလွယ်ဘူး။ ဗဟိုဘဏ်ဈေးအတိုင်းပဲဆိုရင် ကုန်သည်တွေ အကုန်အရှုံးပဲရင်ဆိုင်ရတော့မယ်။ အဆင်မပြေဘူး”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်သြဂုတ်လ နောက်ဆုံးသီတင်းပတ်အတွင်း ကော့သောင်းမြို့တွင်းရှိ နိုင်ငံခြားငွေလှဲလယ်ရေးလုပ်ကိုင်သည့် ဆိုင်အချို့ကို စစ်တပ်နှင့် ရဲက လိုက်လံဖမ်းဆီးမှုများကြောင့် ငွေလှဲလယ်သည့်ဆိုင်တချို့ ပိတ်ထားခဲ့ရကြောင်း ကော့သောင်းမြို့ခံများက ပြောဆိုသည်။

ကော့သောင်းမြို့ခံတစ်ဦးက “ထိုင်းငွေလဲတဲ့သူတွေကို အရင်တပတ်ကလိုက်ဖမ်းတယ်။ ဆိုင်ကြီးတွေဆို လိုင်စင်နဲ့လုပ်နေကြတာ။ အဲဒီဆိုင်တွေကို အတင်းလိုက်ဖမ်းလို့ တမြို့လုံးနီးပါး ဆိုင်တွေပိတ်ထားရတယ်။ အခုလမှ တချို့ဆိုင်တွေပြန်ဖွင့်လာရတယ်”ဟု ပြောသည်။

စစ်ကောင်စီ၏ နိုင်ငံခြားငွေထိန်းချုပ်မှုနှင့် ငွေကြေးလှဲလယ်နှုန်း ကန့်သတ်မှုများကြောင့် မြန်မာ့ငွေကြေး တန်ဖိုးကျဆင်းနေပြီး နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများရှိနေသည့်အတွက် ကုန်သည်များမှာ လုပ်ငန်းရပ်နားထားရသည်အထိ ဖြစ်ပေါ်လာနိုင်ကြောင်း ပြည်တွင်းစီးပွားရေးသုတေသီများက သုံးသပ်ထားကြသည်။