- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပလက်ဝတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ
ကျေးရွာအနီးတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်လာသောကြောင့် ဒေသခံများမှာ စိုးရိမ်နေကြသည်။
08 Oct 2022
ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာသားများ အိန္ဒိယနယ်စပ်သို့ ထွက်ပြေးသွားစဉ်။ ဓာတ်ပုံ - Khine Murn Chun (Facebook)
DMG ၊ အောက်တိုဘာ ၈
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မွန်ထောင့်ချောင်းထဲကျေးရွာတွင် ယမန်နေ့(အောက်တိုဘာ ၇ ရက်) ညနေ ၆ နာရီအချိန်ခန့်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဒဏ်ရာရရှိသူမှာ အသက်(၄၆)နှစ်အရွယ် ဒေါ်မညိုစိန်ဖြစ်သည်။ ၎င်းမှာ နေအိမ်အနောက်ဘက်တွင် ဝက်စာကျွေးနေစဉ် အနီးသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျည်စထိမှန်ကာ ညာဘက်ခြေထောက်၌ ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း မွန်ထောင့်ချောင်းထဲကျေးရွာမှ ဒေသခံတစ်ဦးက DMG သို့ ပြောသည်။
“မနေ့က ညနေ(၆)နာရီအချိန်လောက်မှာ ခမရ(၂၈၉)တပ်ရင်းက လက်နက်ကြီး (၃)လုံးပစ်တာပါ။ အဲဒီမှာ တစ်လုံးက ရွာထဲကိုကျလာပြီး သူ့အိမ်နောက် ငှက်ပျောတောမှာကျတာ။ သူက အဲဒီနားမှာ ဝက်စာကျွေးနေတာ။ ညာဘက်ခြေသလုံနားမှာ ကျည်စထိသွားတယ်။ ပြီးရင် ခြံစည်းရိုးတွေ ငှက်ပျောတောတွေလည်း ပျက်စီးသွားတယ်”ဟု ၎င်းကပြောသည်။
လက်ရှိတွင် ဒဏ်ရာရရှိသူမှာ ပလက်ဝမြို့နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
အဆိုပါ ကျေးရွာအနီးတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်လာသောကြောင့် ဒေသခံများမှာ စိုးရိမ်နေကြသည်ဟု မွန်ထောင့် ကျေးရွာမှ နောက်ထပ်ကျေးရွာသားတစ်ဦးက ပြောသည်။
“ရွာအနီးအနားတွေမှာ တိုက်ပွဲဖြစ်တာလည်းမရှိဘဲ ရွာထဲကို လက်နက်ကြီးကျလာတော့ ဒေသခံတွေလည်း ကြောက်နေကြတယ်။ ဒါကြောင့် နောက်ထပ်များ ထပ်ကျလာမလားဆိုပြီး စိုးရိမ်နေကြတယ်”ဟု ၎င်းကျေးရွာသားက ပြောသည်။
ကျေးရွာသားများ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်အား DMG က ဆက်သွယ်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။
မွန်ထောင့်ချောင်းထဲကျေးရွာသည် အိမ်ခြေ (၃၀)ကျော်နှင့် လူဦးရေ(၈၀)ကျော်နေထိုင်သည့် ကျေးရွာငယ် တစ်ရွာဖြစ်ပြီး တောင်ယာလုပ်ငန်းကို လုပ်ကိုင်စားသောက်နေကြသူများ ဖြစ်ကြသည်။
ရခိုင်ပြည်အတွင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ယခုအောက်တိုဘာလ ပထမပတ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲကြီး(၁၀)ကျော်နှင့် တိုက်ပွဲငယ်(၁၀)ကျော်ဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က အောက်တိုဘာလ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ပလက်ဝမြို့နယ်တွင် မီးချောင်းဗျူဟာကုန်းနှင့် စကခ(၉)၊ (၁၅)လက်အောက်ခံ တပ်ရင်းဌာနချုပ်များရှိသည့် နေရာများမှ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများရှိကြောင်းလည်း AA ကဆိုသည်။