မြောက်ဦးတွင် လက်နက်ကြီးကျည်ကျ၍ ဒေသခံ ၂ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရ

မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာတွင် သြဂုတ်လ၂၈ရက်နေ့၊ ညနေပိုင်း ၄နာရီအချိန်က လက်နက်ကြီးကျည်ကျရောက်၍ ဒေသခံ၂ဦး သေဆုံးပြီး ၃ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း သိရသည်။

28 Aug 2022

DMG/ သြဂုတ်၂၈

မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာတွင် သြဂုတ်လ၂၈ရက်နေ့၊ ညနေပိုင်း ၄နာရီအချိန်က လက်နက်ကြီးကျည်ကျရောက်၍ ဒေသခံ၂ဦး သေဆုံးပြီး ၃ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း သိရသည်။

ယနေ့ မွန်းလွဲပိုင်း ၃နာရီခွဲအချိန်မှ စတင်ကာ မြောက်ဦးမြို့တွင်ရှိသည့် မြန်မာစစ်တပ် တပ်တပ်ရင်းတစ်ခုမှ လက်နက်ကြီးများနှင့် အဆက်မပြတ်ပစ်ခတ်နေသည့်အတွက် ရွာသားများ နေအိမ်မှထွက်ပြေးစဉ် လက်နက်ကြီးထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ကင်းဆိပ်ရွာသားတစ်ဦးဖြစ်သည့် ကိုမျိုးဝင်းကပြောသည်။

" ပထမတော့ လက်နက်ကြီး ကျည်တစ်လုံး ရွာထဲကိုကျလာကတည်းက တစ်ရွာလုံး ကြောက်လန့်ပြီး ထွက်ပြေးကြတယ်။ တတိယပစ်လိုက်တဲ့တလုံးမှာ လူတွေကိုထိတာ။ ရွာသားတွေအကုန်လုံးလည်း ထွက်ပြေးသွားကြပြီ" ဟု ၎င်းကပြောသည်။  

လက်ရှိတွင် ဒဏ်ရာရရှိသူများထဲမှ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးမှာ ဒဏ်ရာပြင်းထန်၍ သေဆုံးသွားပြီး ကျန်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ အရေးပေါ်ကားဖြင့် ပို့ဆောင်လိုက်ရကြောင်းသိရသည်။

မြောက်ဦးမြို့နယ်၊ လက္ကာ၊ဘူးရွက်မညိုး၊အောက်သားကန်တို့တွင် ယနေ့ ညနေပိုင်း ၃နာရီကျော်အချိန်ခန့်က စတင်ကာ စစ်ကောင်စီတပ်နှင့် AA တို့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေကြပြီး ဒေသခံများမှာလည်း ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။