မြန်မာစစ်တပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့်စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်အခဲရှိနေ

ပလက်ဝမြို့နယ်၊ ဆမီးမြို့အနီးဝန်းကျင်တွင် မြန်မာစစ်တပ်နှင့် ချင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ဒေသသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံစစ်ဘေးရှောင် (၃၁)ဦးမှာ စားဝတ်နေရေးအခက်အခဲရှိနေကြောင်း သိရသည်။

06 May 2022

DMG ၊ မေ ၆

ပလက်ဝမြို့နယ်၊ ဆမီးမြို့အနီးဝန်းကျင်တွင် မြန်မာစစ်တပ်နှင့် ချင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ဒေသသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံစစ်ဘေးရှောင် (၃၁)ဦးမှာ စားဝတ်နေရေးအခက်အခဲရှိနေကြောင်း သိရသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသူများမှာ ဧပြီလအတွင်းကဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဧပြီလ ၁၃ ရက်နေ့ခန့်က ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းသို့ ထွက်ပြေးတိမ်းရှောင်လာကြခြင်း ဖြစ်သည်။ လက်ရှိတွင် စားနပ်ရိက္ခာများနှင့် အဝတ်အထည်များလိုအပ်နေသည်ဟု ထွက်ပြေးတိမ်းရှောင်လာသည့် မစန်းစန်းမိုးကဆိုသည်။

“အခက်အခဲတွေတော့ရှိတာပေါ့။ ပြေးလာတာမှာ အိုးတွေ၊ခွက်တွေလည်းမပါဘူ။ အဝတ်နည်းနည်းပါးပါးနဲ့ လာခဲ့ရတာဆိုတော့ စားသောက်နေထိုင်ဖို့ လောလောဆယ်မှာအခက်အခဲတွေရှိတာပေါ့။ နည်းနည်းပါးပါး ကူညီပေးမယ့်သူတွေကိုတော့လိုလားတာပေါ့။ စားဖို့သောက်ဖို့ရိက္ခာတွေလည်းမရှိဘူး။ နေစရာတောင် စစ်ဘေးရှောင်စခန်းက တာဝန်ရှိသူတွေက စခန်းအတွင်းကလူမရှိတော့တဲ့နေရာလွတ်တွေမှာ နေရာချထားပေးလို့ နည်းနည်းအဆင်ပြေနေတာ”ဟု ၎င်းကပြောသည်။

အဆိုပါမြို့အနီးတွင် တိုက်ပွဲရေရှည်ဖြစ်ပွားမည်ကိုစိုးရိမ်၍ အသက်အန္တရာယ်ထိခိုက်မည်ကို ကြောက်လန့်ကာ ထွက်ပြေးလာခြင်းဟု တိမ်းရှောင်လာသူ ဦးမောင်ဗြားချေက DMG သို့ပြောသည်။

“ဒီထက်ရေရှည် ဘယ်လိုဆက်ဖြစ်မယ်ဆိုတာမပြောနိုင်ဘူး။ တိုက်ပွဲပိုပြင်းထန်ရင်ထွက်ပေါက်ရှိတော့မှာ မဟုတ်တော့ဘူးဆိုပြီး တိမ်းရှောင်လာတာပါ။ တိမ်းရှောင်လာတုန်းကတော့ အစိုးရတွေကိုတိုင်ပြီးလာရတာပေါ့။ သူတို့ခွင့်ပြုမှ သွားလာခွင့်ရတာလေ၊ အဟန့်အတားတွေတော့ မရှိခဲ့ပါဘူး”ဟု ၎င်းကဆိုသည်။

ထွက်ပြေးတိမ်းရှောင်လာသူများအထဲတွင် ကိုယ်ဝန်ဆောင်များနှင် မွေးကင်းစကလေးငယ်များလည်းပါဝင်နေပြီး လက်ရှိတွင် စစ်ဘေးရှောင်စခန်း၌ စားဝတ်နေရေးအခက်အခဲများရှိနေကြောင်း ညောင်ချောင်းစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးသန်းအေးက DMG သို့ပြောသည်။

“ပလက်ဝကတိမ်းရှောင်လာသူ စုစုပေါင်းက(၃၁)ဦးရှိတယ်။ အဲဒီထဲမှာ ကိုယ်ဝန်သည်နှစ်ယောက်နဲ့ မွေးကင်းစ ကလေးငယ်တစ်ယောက်ပါတယ်။ အခုကဘေးစီ/မံက ရိက္ခာဖြတ်တောက်မှုနဲ့ကြုံနေရတော့ အဓိကတော့ စားဝတ်နေရေးအခက်အခဲတော့ရှိတယ်။ အိုးခွက်၊ ပန်းကန်၊ စားဝတ်နေရေးမှာပါတဲ့ ဆန်၊ဆီ၊ဆားအားလုံးတော့ လိုအပ်နေတာပေါ့”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်မှလွဲပြီး နိုင်ငံ့အနှံ့အပြားတွင် ပြည်သူ့ကာကွယ်တပ်ဖွဲ့များ ပေါ်ပေါက်လာပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခတ်လျက်ရှိနေပြီး ဒေသခံများ သေဆုံး၊ဒဏ်ရာရရှိမှုများနှင့် ကြုံတွေ့နေရကာ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်ရှောင်သူ အရေအတွက်လည်း များပြားလျက်ရှိသည်။