- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တွေမှ ပျောက်ဆုံးနေသော ၄ တန်းကျောင်းသား သုံးဦးကို ရှာမတွေ့သေး
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အောက်တိုဘာလ ၂၂ ရက်၊ မွန်းလွဲ ၁၁ နာရီကတည်းက ပျောက်ဆုံးသွားသည့် စတုတ္ထတန်းကျောင်းသား သုံးဦးကို လက်ရှိအချိန်ထိ ရှာဖွေမတွေ့သေးသောကြောင့် မိသားစုဝင်များ စိုးရိမ်နေကြသည်။
23 Oct 2022
DMG ၊ အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အောက်တိုဘာလ ၂၂ ရက်၊ မွန်းလွဲ ၁၁ နာရီကတည်းက ပျောက်ဆုံးသွားသည့် စတုတ္ထတန်းကျောင်းသား သုံးဦးကို လက်ရှိအချိန်ထိ ရှာဖွေမတွေ့သေးသောကြောင့် မိသားစုဝင်များ စိုးရိမ်နေကြသည်။
ပျောက်ဆုံးနေသူများမှာ ပြည်တော်သာရပ်ကွက်မှ မောင်အောင်လင်းသူ၊ ပြည်တော်သာရပ်ကွက်မှ မောင်ဟိန်းထက်ဝင်းနိုင်နှင့် ဘုမေရွာ လေးထပ်တိုက်မှ မောင်ဇွဲဘုန်းခန့်တို့ဖြစ်ပြီး ၎င်းတို့မှာ အသက် ၁၁ အရွယ်များ ဖြစ်ကြသည်။
“ဇွဲဘုန်းခန့်နဲ့ ဟိန်းထက်ဝင်းနိုင်က ကျွန်မသားကို မနက် ၁၁ နာရီလောက်မှာ စက်ဘီးတစ်စီးနဲ့ အိမ်က လာခေါ်တယ်။ အန်တီလည်း ဆွမ်းချက်နေလို့ မသိလိုက်ဘူး။ ဒါပေမယ့် အကိုကြီးက ခြံထဲမှာထိုင်နေလို့ သားကို ကောင်လေးနှစ်ယောက် စက်ဘီးနဲ့လာခေါ်လို့ လိုက်သွားတယ်လို့ပြောတယ်”ဟု မောင်အောင်လင်းသူ၏ မိခင် ဒေါ်ခင်စုက DMG သို့ပြောသည်။
ထို့နောက် ၄င်းတို့ကို နေအိမ်၌စောင့်ဆိုင်းနေသော်လည်း ပြန်မရောက်သဖြင့် စုံစမ်းရာတွင် ၄င်းတို့စီးနင်းခဲ့သည့် စက်ဘီးကို “ပွိုင့်အဝ”တွင် သော့ခတ်ပြီးတွေ့သော်လည်း ထိုကျောင်းသားများကို ရှာမတွေ့ခဲ့ပေ။
“သူက ကလေးပါ။ ညဘက်ဆိုရင်လည်း အမေနဲ့ဖက်ပြီး အိပ်နေတာပါ။ အရင်ကဆိုရင် ပြည်တော်သာ ရပ်ကွက်ထဲမှာပဲ ဆော့တယ်။ ကျွန်မမြင်လိုက်ရင်တော့ သားအဝေးမသွားနဲ့ ကျောင်းတက်ရမယ်ပြောတယ်။ ကျွန်မအသည်းနှလုံးတွေ မရှိလောက်အောင်ခံစားနေရတယ်”ဟု ဒေါ်စုခင်က ဆက်ပြောသည်။
ထိုလူငယ်သုံးဦး ပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး ယမန်နေ့ ည ၁၁ နာရီခွဲခန့်က စစ်တွေမြို့မ ရဲစခန်း၌ တိုင်တန်းထားကြောင်း သိရသည်။
“ကျမသားကို ဘယ်လောက်စိတ်ပူလိုက်မလဲဆိုရင် ဒီလောကထဲ မနေချင်လောက်အောင် ဖြစ်နေတယ်။ သားအဖေက ထားဝယ်မှာ ကျနေတာ။ အခု သူ့အဖေ ချက်ချင်းလိုက်လာပြီ။ သားတွေသာ တစ်ခုခုဖြစ်ရင်တော့ ကျမတော့ရင်ကျိုးရပြီ”ဟု မောင်ဟိန်းထက်ဝင်းနိုင်၏ မိခင် ဒေါ်သီတာအောင်ကပြောသည်။
၄င်းလူငယ်သုံးဦးကို ရပ်ကွက်မှ လူကြီးများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ဝိုင်းဝန်းရှာဖွေနေကြောင်း သိရသည်။
“မနေ့က ၆ နာရီလောက်မှာ မိသားစုဝင်တွေက ကျနော်တို့အသင်းကို ဖုန်းဆက်ပြီး အကူအညီတောင်းလာကတည်းက နေရှာဖွေနေတာပါ။ သူတို့ စပြီးအကူအညီတောင်းကတည်းက နေရပ်ကွက်အစုံကို လိုက်ပြီးရှာနေတာပါ။ ည ၂ နာရီထိ ရှာခဲ့ပါတယ်။ မိုးလင်းတာနဲ့ ထပ်ပြီးရှာနေတာပါ။ ကျနော်တို့ ဘုမေကိုတစ်စီး၊ ဘာဆာရွာကမ်းခြေဖက်တွေပတ်ပြီး ရှာနေတာပါ။ အခြေအနေတော့ မထူးသေးပါဘူး။ အခုတော့ ကျနော်တို့ သဲချောင်းဘက်ကို ဆင်းပြီးရှာဖို့လုပ်နေပါတယ်”ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သတင်းပြန်ကြားရေး တာဝန်ခံ ကိုသာဂီဖြိုးက DMG သို့ပြောသည်။
ယနေ့ နေ့လယ် ၁ နာရီခွဲအထိ သတင်း အရ ၄င်းတို့သုံးဦးကို ယမန်နေ့ မွန်းလွဲ ၁၁ ခန့်က ပွိုင့်ကမ်းခြေတွင် ရေနှင့်မျှောပါနေသည်ဟု CCTV မှတွေ့ရကြောင်း ရဲဘက်ကပြောလာသဖြင့် ကမ်းခြေသို့ သွားရောက်နေကြောင်း မောင်ဇွဲဘုန်းခန့်၏ မိခင် ဒေါ်ခင်ဖြိုးဝေကပြောသည်။
“ရဲက ဖုန်းဆက်လာပါတယ်။ CCTV မှာ ၁၁ နာရီကျော်လောက်မှာ ရေမြုပ်လို့တွေ့တယ်တဲ့။ တစ်ခုစဉ်းစားစရာ အချိန်မကိုက်ဘူး ဖြစ်နေတယ်။ သုံးယောက်လုံးဟာ ရေနဲ့မျှောပါသွားတယ်ဆိုပြီး ပြောပါတယ်။ ကျမတို့ အခု ပွိုင့်ကိုသွားမလို့လုပ်နေပါတယ်။ ဘာဆာရွာဘက်ကို လူခွဲပြီးရှာမလို့ လုပ်နေပါတယ်”ဟု ၄င်းကဆိုသည်။