- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တောင်ကုတ်တွင် ကိုဗစ်ရောဂါနှင့်သေဆုံးသူ ၄၉ ဦးထိရှိလာပြီးနောက် မြို့တွင်း ကျန်းမာရေးဖြင့် ဆေးခန်းပြရန် အခက်အခဲရှိနေ
တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၄၉ ဦးအထိ ရှိလာနေပြီး မြို့တွင်း၌ ဆေးခန်းများပိတ်ထားသဖြင့် ရိုးရိုးဖျားနာခြင်းများအတွက် ဆေးခန်းပြသရန် အခက်အခဲရှိနေကြာင်း တောင်ကုတ်ဒေသခံများက ပြောနေကြသည်။
03 Aug 2021
DMG ၊ သြဂုတ် ၃
တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၄၉ ဦးအထိ ရှိလာနေပြီး မြို့တွင်း၌ ဆေးခန်းများပိတ်ထားသဖြင့် ရိုးရိုးဖျားနာခြင်းများအတွက် ဆေးခန်းပြသရန် အခက်အခဲရှိနေကြာင်း တောင်ကုတ်ဒေသခံများက ပြောနေကြသည်။
တောင်ကုတ်မြို့နယ်အတွင်း ကိုဗစ်ကူးစက်ခံရသည့်လူနာ သြဂုတ်လ ၂ ရက်နေ့ထိ စုစုပေါင်း ၁၅၈ ဦးရှိပြီး ယင်းအထဲမှ သေဆုံးလူနာမှာ ၄၉ ဦးရှိကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ကိုဗစ်ကြောင့် သေဆုံးသူဦးရေ များပြားလာသလို ကူးစက်ခံရသူမှာလည်း နေ့စဉ်ရှိလာနေသည့်အတွက် ဈေးဆိုင်၊ ဆေးဆိုင်နှင့် ဆေးခန်းများမှာ ဖွင့်လှစ်ခြင်းမရှိ၍ ရိုးရိုးဖျားနာခြင်းအား ဆေးခန်းပြသရန် အခက်အခဲရှိနေကြောင်း တောင်ကုတ်ဒေသခံ ကိုနေလင်းအောင်က ပြောသည်။
"အခုက ကိုဗစ်ကလည်း တစ်နေ့ထက်တစ်နေ့ တိုးလာနေတော့ ဆေးခန်း ဆေးဆိုင် ဈေးဆိုင်တွေ အကုန်လုံးက ပိတ်ထားတယ်။ ပြီးတော့ ဆေးတွေကလဲ ရှာမရဘူး။ ရိုးရိုးဖျားပြီး သောက်ဖို့အတွက် အကိုက်အခဲပျောက်ဆေးတောင် တော်တော်ရှာရတယ်။ ရပြန်တော့လည်း ဈေးက အဆမတန်မြင့်နေတာတွေ ရှိနေတယ်။ " ဟု ပြောသည်။
တောင်ကုတ်မြို့နယ်အတွင်း ဆေးဆိုင်အချို့တွင် ဒီကိုဂျင် တစ်ကဒ်ကို ၂၅၀၀ ထိ ဈေးမြင့်တက်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။ ယင်းအပြင် အခြားမြို့နယ်များတွင်လည်း အလားတူ ဆေးအချို့ဈေးမြင့်တက်ကြောင်း၊ စစ်တွေမြိုတွင်ဆိုလျှင် အချို့ဈေးဆိုင်က ဈေးတင်ရောင်းကြပြီး အချို့ဈေးဆိုင်က ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချကြကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီမှ အသက် ၆၅ နှစ်အထက်ရှိသူများကို သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးနေပြီဖြစ်ကြောင်း တောင်ကုတ် ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းဝင်းက ပြောသည်။
"လက်ရှိကတော့ ချောင်းကောက်ရပ်ကွက် ဂူတာရပ်ကွက် ကမ်ပိန်ရပ်ကွက် သိမ်တောင်ရပ်ကွက်တွေမှာ သြဂုတ် ၁ ရက်နေ့ကပင်စပြီး ထိုးနေပါပြီ။ အခု လက်ရှိစစ်ကောင်စီက ချပေးထားတဲ့ ကိုဗစ်ဆေးက တောင်ကုတ်အတွက် လူဦးရေ (၃၆၆၀) ဦးအတွက် ထိုးဖို့ ချပေးထားတယ်။ အသက် ၆၅ အထက်ပြီးရင် စေတနာ့ဝန်ထမ်းတွေ၊ ဌာနဆိုင်ရာတွေကို ထိုးပေးသွားမှာဖြစ်ပါတယ်။ ” ဟု ပြောသည်။
တောင်ကုတ်မြို့နယ်အတွင်း ကိုဗစ်လူနာများ သယ်ယူရေးနှင့် လော့ဒေါင်းချခံရသည့် ပြည်သူများစားဝတ်နေရေးအတွက် ရှင်သန်ရေးပရဟိတအသင်းမှ အဓိက လုပ်ဆောင်လျှက်ရှိနေပြီး ကူညီဆောင်ရွက်ရာတွင် တစ်စုံတစ်ရာအခက်အခဲမရှိဟု ရှင်သန်းရေးပရဟိတအသင်း နာယကဆရာတော် ဦးပုံညာနန္ဒက မိန့်သည်။
ယင်းအပြင် ကိုဗစ်ကာလအတွင်း ပြည်သူများအနေဖြင့် အလုပ်အကိုင်မရှိခြင်းကြောင့် စားဝတ်နေရေး အခက်အခဲရှိနေသူများနှင့် ရေဘေးသင့်ပြည်သူများအတွက်ကိုပါ ရှင်သန်ရေးပရဟိတအသင်းမှ တာဝန်ယူကာ စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျှက်ရှိနေသည်။