KNU တပ်မဟာနယ်မြေအလိုက် မတ်လအတွင်း တိုက်ပွဲအကြိမ် ၅၀၀ ကျော်ဖြစ်ပွားခဲ့၊ ဒေသခံ ၅၀ ကျော်ထိခိုက်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာနယ်မြေများအလိုက် မတ်လအတွင်းတွင် တိုက်ပွဲအကြိမ် ၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ဒေသခံ ၅၀ ကျော် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း KNU သတင်းအရင်းအမြစ်ထံမှ သိရသည်။

05 Apr 2022

Photo Credit - ကရင်အမျိုးသားအစည်းရုံး(KNU)-ဗဟို

DMG ၊ ဧပြီ ၆

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာနယ်မြေများအလိုက် မတ်လအတွင်းတွင် တိုက်ပွဲအကြိမ် ၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ဒေသခံ ၅၀ ကျော် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း KNU သတင်းအရင်းအမြစ်ထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်းက မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်(BGF)နှင့် KNU လက်အောက်ရှိ KNLA ပူးပေါင်းအဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ (၅၁၀)ကြိမ်ဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်မှ လက်နက်ကြီးနှင့် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ကြောင်း KNLA ပူးပေါင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

"တိုက်ပွဲတွေဖြစ်နေတဲ့အချိန် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေအများအပြားဖြစ်ခဲ့တယ်။ ဒေသခံတွေ လက်နက်ကြီးထိမှန်လို့ သေဆုံးတာရှိခဲ့ပါတယ်"ဟု ၎င်းမှဆိုသည်။

ထိုတိုက်ပွဲများအတွင်း မြန်မာစစ်တပ်နှင့် BGF မှ (၄၂၉)ဦးသေဆုံးခဲ့ကာ (၂၆၀)ဦးထိခိုက်ခဲ့ကြောင့်နှင့် KNLA ပူးပေါင်းအဖွဲ့မှ (၂၂)ဦးသေဆုံးခဲ့ပြီး (၃၁)ဦးထိခိုက်မှုရှိခဲ့ကြောင်း ဧပြီ ၅ ရက်နေ့တွင် ကေအန်ယူ-ဗဟိုက သတင်းထုတ်ပြန်ထားသည်။

KNU ၏ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၅) မူတြောခရိုင်နှင့် တပ်မဟာ(၆) ဒူးပလာခရိုင်အတွင်းသို့ မြန်မာစစ်တပ်မှ လေကြောင်းတိုက်ခိုက်မှု (၈)ကြိမ်အထိရှိခဲ့ပြီး နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်းလည်း KNU ကဆိုသည်။

KNU တပ်မဟာနယ်မြေများ၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေမှုကြောင့် နေရပ်စွန့်ခွာရသည့်စစ်ဘေးရှောင်ဒေသခံ တစ်သိန်းကျော်အထိတိုးလာနေသည်ဟု ကရင်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးမှဆိုသည်။

"မတ်လတစ်လလုံး တိုက်ပွဲဖြစ်လာတဲ့အတွက် စစ်ရှောင်ရတဲ့ဒေသခံတွေ တစ်သိန်းကျော်အထိရှိလာတယ်။ လက်ရှိထိုင်းနယ်စပ် အနီးမှာပဲ ခိုလှုံနေကြရတယ်။ စားနပ်ရိက္ခာတွေကိုကူညီဖို့ဆိုရင်လည်း အတားအဆီးတွေရှိနေတော့ ပေးပို့ဖို့အတွက်အခက်အခဲတွေဖြစ်နေပါတယ်"ဟု ၎င်းမှဆိုသည်။

လက်ရှိအချိန်တွင် KNU တပ်မဟာ(၁)၊ တပ်မဟာ(၅)၊ တပ်မဟာ(၆)နယ်မြေများတွင် KNLA ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး ကော့ကရိတ်-မြဝတီအာရှလမ်းမ၊ မြဝတီ-ဝေါလေ၊ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးကား လမ်းမပိုင်းတို့၌ KNU မှ ယာဉ်သွားလာခွင့်ကို ယာယီပိတ်ထားသည်။