- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးနေရသည့် ကျေးရွာ(၆)ရွာမှ ဒေသခံများ အကူအညီလိုအပ်နေ
ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်ခြေရှိ မြန်မာစစ်တပ် (၅၃၉)တပ်ရင်းမှ လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေမှုကြောင့် ကျောက်တော်မြို့နယ်မှ ချောင်းတူ၊ ကွမ်းအုံစု၊ ရွက်ညိုတောင်၊ ဒေဝန်း စသည့်ကျေးရွာများနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ဗုဒ္ဓေါ၊ အောင်မင်္ဂလာ(ပက်ခွက်ဆိပ်)ကျေးရွာတို့မှ ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
27 Oct 2022
ဂဏန်းတောင် ရထားဘူးတာအနီးတွင် ယာယီတဲထိုးကာ နေထိုင်နေသည့် ချောင်းတူကျေးရွာသားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ
DMG ၊ အောက်တိုဘာ ၂၇
ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းတွင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ကျေးရွာ(၆)ရွာမှ ဒေသခံဦးရေ ၁၅၀၀ ကျော်မှာ စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်ခြေရှိ မြန်မာစစ်တပ် (၅၃၉)တပ်ရင်းမှ လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေမှုကြောင့် ကျောက်တော်မြို့နယ်မှ ချောင်းတူ၊ ကွမ်းအုံစု၊ ရွက်ညိုတောင်၊ ဒေဝန်း စသည့်ကျေးရွာများနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ဗုဒ္ဓေါ၊ အောင်မင်္ဂလာ(ပက်ခွက်ဆိပ်)ကျေးရွာတို့မှ ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အဆိုပါကျေးရွာသားများမှာ လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်၊ င/ပြောက်ဆည်၊ ဂဏန်းတောင်၊ မြတ်လှဲ စသည့်ကျေးရွာများတွင် ခိုလှုံနေရပြီး လက်ရှိတွင် ဆွေမျိုးသားချင်းနေအိမ်များနှင့် တခြားမြေလွတ်နေရာတို့တွင် တဲထိုးနေထိုင်နေကြသည်ဟု ချောင်းတူကျေးရွာသားတစ်ဦးက ပြောသည်။
“အဲဒီ (၅၃၉) တပ်ရင်းက လက်နက်ကြီးပစ်တာက ပုံမှန်မရှိဘူး။ ပစ်ချင်တဲ့အချိန် ပစ်တယ်။ အဲဒီလို လက်နက်ကြီးပစ်လို့ ကျနော်တို့ရွာနားက ပတ်ပတ်လည်မှာ ကျတယ်။ အဲဒါကြောင့် ရွာသားတွေက မနေရဲလို့ ထွက်ပြေးနေရတာပါ။ တချို့ဆိုရင် ဆွေးမျိုးသားချင်းနေအိမ်တွေကို ထွက်ပြေးကြတယ်။ တချို့ဆိုရင် ရွာတွေမှာ တဲထိုးပြီးတော့ ဖြစ်သလိုနေရတယ်”ဟု ၎င်းကဆိုသည်။
ချောင်းတူကျေးရွာသားများမှာ ဂဏန်းတောင် ရထားဘူးတာအနီးတွင် ယာယီတဲထိုးကာ နေထိုင်နေကြပြီး လက်ရှိတွင် နေထိုင်ရေးနှင့် စားဝတ်နေရေးများ အခက်အခဲဖြစ်ပေါ်နေကြောင်း ဂဏန်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းက DMG သို့ပြောသည်။
“သူတို့(ချောင်းတူရွာသား)ရောက်နေတာ ၁ လလောက်ရှိပြီ။ အခုက အဲဒီရထားဘူးတာဘေးမှာ တာပေါ်လိတ်စတွေနဲ့ တဲထိုးပြီးတော့ နေရတယ်။ သစ်၊ဝါးတွေလည်းမရှိတော့ ဖြစ်သလို တဲထိုးပြီးနေနေရတယ်။ ထွက်ပြေးလာရတာဆိုတော့ စားနပ်ရိက္ခာတွေလည်း ပါမလာဘူး။ အဓိကတော့ နေထိုင်ရေးနဲ့ စားဝတ်နေရေးတွေ အခက်အခဲတွေရှိပါတယ်။ အလှူရှင်တွေလည်းမရောက်တော့ အခက်အခဲရှိတာပေါ့”ဟု ၎င်းကဆိုသည်။
ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ဗုဒ္ဓေါကျေးရွာသားများမှာလည်း နနွင်းတောင်ပေါ်တွင် အခြေချထားသည့် မြန်မာစစ်တပ် ဗျုဟာကုန်းမှ တပ်ဖွဲ့ဝင်များက ရိက္ခာများပို့ခိုင်းသည့်အတွက် ကျေးရွာသားများမှာ စိုးရိမ်၍ ထွက်ပြေးလာကြခြင်းဖြစ်ကြောင်းပြောသည်။
ဗုဒ္ဓေါကျေးရွာသားတစ်ဦးက “ရွာသားတွေကို သူတို့(စစ်သား)တွေက ရိက္ခာဝယ်ခိုင်းတယ်။ နောက်ပြီးတော့ ရိက္ခာတွေ ပို့ခိုင်းတယ်။ အဲဒါကြောင့် မနေရဲလို့ ထွက်ပြေးလာရတာပါ။ နောက်ပြီးတော့ လက်နက်ကြီးပစ်လို့ ရွာစပါးခင်းတွေမှာ ကျတယ်။ စပါးတွေလည်း မရိတ်သိမ်းရဘဲ ဒီအတိုင်းထားခဲ့ရတယ်။ အခုက ဖြစ်သလို ဆွေးမျိုးသားချင်တွေအိမ်မှာ တဲထိုးပြီးတော့ နေရတယ်။ အခက်အခဲတွေ ရှိတာပေါ့”ဟု ဆိုသည်။
ထိုသို့ ကန်စောက်တောင်ခြေရှိ မြန်မာစစ်တပ် (၅၃၉)တပ်ရင်းမှ လက်နက်ကြီးများ မကြာခဏ ပစ်ခတ်နေခြင်းနှင့် နနွင်းတောင်ပေါ်တွင် အခြေချထားသည့် ရိက္ခာများပို့ခိုင်းသည်ဟု ကျေးရွာသားများ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်ကို ခွဲခြားထားသည့် မှတ်တိုင်အနီးတွင် ရိက္ခာလာပို့သည့် မြန်မာစစ်တပ် စစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယင်းတိုက်ပွဲဖြစ်ပြီး နောက်ပိုင်းမှစ၍ ၅၃၉ တပ်ရင်းမှ နေ့စဉ်ပစ်ခတ်နေသည့် လက်နက်ကြီးများမှာ ရွက်ညိုတောင်ကျေးရွာနှင့် ဒေဝန်းကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲမှုများရှိနေသည်။ လက်နက်ကြီးကျရောက်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း နွား ၅ ကောင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။