မောင်တောမှ ထွေ/အုပ်ဝန်ထမ်းအသတ်ခံရမှုတွင် ကျူးလွန်သူတစ်ဦးကိုဖမ်းဆီးထားဟု ရဲကပြော၊ ကျန်သုံးဦး ထွက်ပြေးနေဟုဆို

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးအသတ်ခံရမှုဖြစ်စဉ်တွင် ကျူးလွန်သူတစ်ဦးအား ဖမ်းဆီးရမိထားပြီး ကျန်သုံးဦးမှာထွက်ပြေးနေကြောင်း မောင်တောမြို့မရဲစခန်းမှ သိရသည်။

24 Dec 2021


DMG ၊ ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးအသတ်ခံရမှုဖြစ်စဉ်တွင် ကျူးလွန်သူတစ်ဦးအား ဖမ်းဆီးရမိထားပြီး ကျန်သုံးဦးမှာထွက်ပြေးနေကြောင်း မောင်တောမြို့မရဲစခန်းမှ သိရသည်။

လက်ရှိမှာ မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်တွင်နေထိုင်သော နော်ဘီဟူဆောင်း(၁၄)နှစ်ကို ဖမ်းဆီးထားပြီး အီစမိုင်ဆိုသူနှင့် အခြားအမည်မသိသူနှစ်ဦးတို့အား ထွက်ပြေးနေ၍ ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း မောင်တောမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမြင့်ကျော်ဦးက ပြောသည်။

“ကျူးလွန်သူတွေထဲက နော်ဘီဟူဆောင်းကိုတော့ ဖမ်းဆီးရထားပြီ။ သူရဲ့ထွက်ဆိုချက်ကတော့ အီစမိုင်က သူ့ကို ငါနဲ့ခဏလိုက်ခဲ့ဆိုပြီးတော့ခေါ်သွားတာ။ အီစမိုင်နဲ့ ကျန်တဲ့မွတ်ဆလင်နှစ်ယောက်က ထွက်ပြေးနေတယ်။ သူတို့ကို ဖမ်းဆီးရမိဖို့အတွက် မိသားစုတွေကိုလည်းစစ်ဆေးနေတယ်။ ကျန်တဲ့နေရာတွေမှာလည်း စုံစမ်းနေပါတယ်”ဟု စခန်းမှူးက DMG သို့ ပြောသည်။

မောင်တောမြို့နယ်၊ မြင်းလွတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေးစာရေး ကိုဆန်းဌေးနိုင်မှာ လည်ပင်းပြတ်ရှဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာတို့ဖြင့်သေဆုံးနေသည်ကို မောင်တောမြို့အမှတ်(၁)ဝင်/ထွက်စခန်း စက်လှေဆိပ်အနီးတွင် ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းကတွေ့ရှိခဲ့ပြီး ၎င်းသေဆုံးမှုအား ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားသည်။

လက်ရှိဖမ်းဆီးထားသည့် နော်ဘီဟူဆောင်းအား စစ်ဆေးချက်အရ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၉ နာရီအချိန်က ထွေ/အုပ်စာရေးကိုဆန်းဌေးနိုင်သည် မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်၊

ဖေဇီရွာတွင်နေထိုင်သည့် အီစမိုင်ထံမှ ရရှိမည့်အကြွေးများကိုတောင်းရာ၌ စကားများကြပြီး အီစမိုင်၊ အမည်မသိသူနှစ်ဦးတို့နှင့်အတူ ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြသည်။

လက်ရှိမှာ ထွေ/အုပ်စာရေးကိုဆန်းဌေးနိုင်ကိုင်ဆောင်သော Redmi တံဆိပ်၊ အပြာရောင်ဖုန်းအား တွေ့ရှိထားပြီး နော်ဘီဟူဆောင်း၏နေအိမ်မှ သွေးများစွန်းထင်းနေသည့် အပြာရောင်ဂျင်းဘောင်းဘီ(၁)ထည်နှင့် ရှပ်အင်္ကျီ(၁)ထည်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခကို ဦးတည်စေနိုင်သောဖြစ်စဉ်များကိုတွေ့ရှိလာပြီး ထိုဖြစ်စဉ်များမှာ အဖွဲ့အစည်းတစ်ခုခုမှ မကောင်းသည့်ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးလှုံ့ဆော်မှုအား နောက်ကွယ်မှကြိုးကိုင်ပြုလုပ်နေသည်ဟု သံသယဖြစ်ကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။