ရာသီဥတုမမှန်ခြင်းနှင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် မြေပဲစိုက်သူများ အခက်တွေ့

ယခုနှစ်တွင် ရာသီဥတုမမှန်သည့်အတွက် မြေပဲဥနည်းခြင်း၊ ဓာတ်မြေသြဇာဈေးတက်ခြင်း၊ ဆီဈေးတက်ခြင်း၊ ကိုဗစ်ကြောင့် မြေပဲ ဝယ်ယူသူကုန်သည်မရှိခြင်း၊ အလုပ်သမားခဈေးတက်ခြင်းကြောင့် ဆောင်းသီးနှံ မြေပဲစိုက်တောင်သူများမှာ အခက်အခဲဖြစ်နေကြောင်း ပြောဆိုကြသည်။

26 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂၆

ယခုနှစ်တွင် ရာသီဥတုမမှန်သည့်အတွက် မြေပဲဥနည်းခြင်း၊ ဓာတ်မြေသြဇာဈေးတက်ခြင်း၊ ဆီဈေးတက်ခြင်း၊ ကိုဗစ်ကြောင့် မြေပဲ ဝယ်ယူသူကုန်သည်မရှိခြင်း၊ အလုပ်သမားခဈေးတက်ခြင်းကြောင့် ဆောင်းသီးနှံ မြေပဲစိုက်တောင်သူများမှာ အခက်အခဲဖြစ်နေကြောင်း ပြောဆိုကြသည်။

ယခင်နှစ်က မြေပဲတောင့်တစ်တောင်းကို (၅၀၀၀)ကျပ်ခန့်သာရရှိခဲ့ပြီး ယခုနှစ်တွင် မြေပဲဈေးနှုန်းမှာ (၆၀၀၀)ကျပ်ရရှိသော်လည်း အရင်းအနှီးသွင်းကုန်ဈေးနှုန်းများ ဈေးကြီးသည့်အတွက် အမြတ်ကျန်မည်မဟုတ်ကြောင်း ကျောက်တော်မြို့မှ မြေပဲစိုက်တောင်သူ ဦးအောင်ကျော် DMG ကိုပြောသည်။

“ကျနော်တို့ကျောက်တော်ဘက်မှာ အရင်နှစ်ကထက် ဧကအများကြီး ပိုစိုက်ပျိုးထားကြတယ်။ လောလောဆယ် ပဲတစ်တောင်း(ဒေသခေါ်)ကို ၆၀၀၀ ကျပ်ရှိတယ်။ ဒီနှစ်က ကုန်ဈေးနှုန်းတွေအရမ်းတက်တယ်။ အလုပ်သမားစရိတ်တွေလည်း အရင်နှစ်ကထက် ပိုတက်သွားတယ်။ အမြတ်ရဖို့ကတော့ နည်းပါတယ်။ မြေပဲတောင့် အကုန်လုံးနှုတ်ပြီးမှသိရမှာပါ”ဟု ဆိုသည်။

ယင်းအပြင် မြေပဲစိုက်ခင်းများတွင် ပိုးကျသည့်အတွက် အပင်များပျက်စီးခြင်း၊ အဥနည်းခြင်းကြောင့်လည်း မြေပဲဈေးကောင်းမရဖြစ်နေသည်ဟု ရမ်းဗြဲမြို့နယ် စကုကျွန်းမှ မြေပဲစိုက်ပျိုးသူ ကိုသန်းဇော်ဌေး DMG ကိုပြောသည်။

“ကျနော်တို့ဖက်မှာတော့ မြေပဲခင်းမှာပိုးကျတယ်။ သေသွားတဲ့ အပင်တွေများတယ်။ ကိုဗစ်ကာလအခြေအနေကြောင့် ပြည်မဖက်ကို တင်ပို့သူတွေလည်းမရှိဘူး။ အဲဒီတော့ မြေပဲဈေးကောင်းမရဘူး။ ဒီနှစ်ကတော့ အရှုံးပေါ်ဖို့ဘက်ပိုများပါတယ်။ အရင်နှစ်က မြေပဲတစ်ဧကစိုက်ပျိုးရင် တင်း(၃၀)လောက် ရတယ်။ ဒီနှစ်တော့ တင်း(၂၀)တောင်ရမှာမဟုတ်ဘူး”ဟု ဆိုသည်။

ယခုအချိန်၌ တချို့မြို့နယ်များတွင် မြေပဲတူးဖော်နေကြပြီဖြစ်သော်လည်း တချို့မြို့နယ်များတွင် လာမည့်မတ်လအတွင်း၌ တူးဖော်ကြမည်ဖြစ်သည်။

အလားတူ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှ မြေပဲစိုက်ပျိုးသူ ဒေါ်လှသိန်းယဉ်ကလည်း ဓာတ်မြေသြဇာအသုံးနည်းခြင်း၊ရာသီမမှန်သည့်အတွက် မြေပဲဥနည်းသည်ဟု ဆိုကြသည်။

“အရင်နှစ်က အများကြီးစိုက်ပျိုးခဲ့တယ်။ ဒီနှစ်တော့ နည်းနည်းပဲ စိုက်ပျိုးတော့တယ်။ ဒီနှစ်စိုက်ပျိုးတာနည်းတယ်ဆိုတာက ဓာတ်မြေသြဇာဈေးနှုန်းတက်တယ်။ မိုးက လိုအပ်သလောက်မရွာခဲ့ဘူး။ မိုးလည်းမမှန်ခဲ့တဲ့အတွက် ရေအများကြီးတင်ပေးရတယ်။သဘာဝရေမဟုတ်တဲ့ ချောင်းရေ၊ မြစ်ရေတွေဖြစ်တဲ့အတွက် အဥ၊ ဥတာနည်းပါးတယ်။ ကျမတို့မှာ ဒီနှစ်ရှုံးတယ်လို့ပြောလို့ရပါတယ်”ဟု ဆိုသည်။

ယခင်နှစ်က မြေပဲစိုက်ပျိုးသူများမှာ မြေပဲဈေးကောင်းမရရှိခဲ့သော်လည်း သွင်းအားစုဖြစ်သည့် ကုန်ဈေးနှုန်းလုပ်အားခ အရင်းအနှီးနည်းခဲ့သည့်အတွက် အမြတ်ရရှိခဲ့ကြသည်ဟု သိရသည်။

ရခိုင်တွင် မြေပဲကို ဒေသခံတောင်သူတို့အတွက် စပါးစိုက်ပျိုးခဲ့ရာတွင်လည်း အကျိုးမရှိခဲ့ခြင်းတို့ကြောင့် ဆောင်းသီးနှံကို ပိုမိုအားထားကာစိုက်ပျိုးလာကြသည်ဟု ရခိုင်ပြည်နယ်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံကပြောဆိုသည်။

“ဒီနှစ်မြေပဲ စိုက်ပျိုးမှုများလာတယ်ဆိုတာ စပါးကလည်း တောင်သူကိုအကျိုးမပြုတော့ သူတို့မှာ မြေပဲကိုစိုက်ပျိုးကြတယ်။ နွေစပါးလည်း မစိုက်ပျိုးနိုင်ဆိုတော့ ရာသီပေါ်သီးနှံကို အားကိုးတဲ့သဘောပါ။ ဈေးကောင်းလို့ အဲဒီလိုလည်းမဟုတ်ဘူး။ အခက်အခဲတွေကို ကာကွယ်နိုင်ဖို့လောက်ပါပဲ။ ဒီနှစ်မြေပဲ ဧကဘယ်လောက်ထိ တိုးလာလည်းဆိုတာတော့ ကျနော်တို့အနေနဲ့လည်း ပြောဖို့ခက်ခဲပါတယ်”ဟု ဆိုသည်။

မြေပဲများကို ရခိုင်ပြည်အတွင်းက မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ် စသည့်မြို့နယ်များတွင် အဓိကစိုက်ပျိုးကြပြီး နှုန်းမြေ၊ ကိုင်းမြေ၊ ကျွန်းမြေတို့တွင် စိုက်ပျိုးဖြစ်ထွန်းသည်။

မြေပဲများကို စစ်တွေ၊ ကျောက်တော်၊ တောင်ကုတ်မြို့နယ်တို့မှ ကုန်သည်များကဝယ်ယူကြပြီး မန္တလေး၊ မကွေး စသည့်ပြည်မဖက်ကိုလည်း အနည်းအကျဉ်းတင်ပို့သည်ဟု မြေပဲစိုက်ပျိုးသူများက ပြောဆိုကြသည်။