- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
နေအိမ်ဖယ်ရှားခံရသည့် စစ်တွေမှကျူးကျော်များကို အကူအညီပေးရန် စစ်ကောင်စီကို ALP တိုက်တွန်း
နေအိမ်များဖယ်ရှားခံရ၍ အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရသည့် စစ်တွေမြို့မှကျူးကျော်များကို လူသားချင်းစာနာမှုများ ဆောင်ရွက်ပေးရန် ပြည်နယ်စစ်ကောင်စီကို စောမြရာဇာလင်းဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က ယမန်နေ့(မတ်လ ၁၄ ရက်နေ့)တွင် တိုက်တွန်းလိုက်သည်။
15 Mar 2022
DMG ၊ မတ် ၁၅
နေအိမ်များဖယ်ရှားခံရ၍ အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရသည့် စစ်တွေမြို့မှကျူးကျော်များကို လူသားချင်းစာနာမှုများ ဆောင်ရွက်ပေးရန် ပြည်နယ်စစ်ကောင်စီကို စောမြရာဇာလင်းဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က ယမန်နေ့(မတ်လ ၁၄ ရက်နေ့)တွင် တိုက်တွန်းလိုက်သည်။
မတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် စစ်တွေမြို့ရှိ စစ်တွေမီးရထားဘူတာနှင့် စစ်တွေတက္ကသိုလ် ဘူတာကြားရှိသည့် နေအိမ်များနှင့် အာဂျိတ်တော်ကုန်းသုသာန်မြေတွင် နေအိမ်များကို ပြည်နယ်စစ်ကောင်စီက အင်အားသုံးဖယ်ရှားခဲ့သည်။
အစိုးရ၏စီမံကိန်းအရဖြစ်စေ၊ ဥပဒေအကြောင်းအရဖြစ်စေ ကျူးကျော်နေထိုင်ကြသည်ဟု သတ်မှတ်ဖယ်ရှားလိုက်သော်လည်း ၎င်းတို့အသက်ရှင်နေထိုင်ရေးအတွက် စားနပ်ရိက္ခာများ၊ ဆေးဝါးများ ကူညီပေးရန် ALP ကတောင်းဆိုထားသည်။ ထို့ပြင် ဖယ်ရှားခံရသည့်မိသားစုများအတွက် ကောင်းမွန်သည့် အစီအမံများဆောင်ရွက်ပေးရန် တိုက်တွန်းသည်ဟုလည်း ALP ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“သူတို့တွေမှာ အများကြီးအခက်အခဲရှိတယ်။ အထူးသဖြင့် အမျိုးသမီးတွေ၊ ဆယ်ကျော်သက်အရွယ်တွေ၊ အမျိုးသမီးရှိနေတဲ့အထဲမှာ အိမ်သာတစ်လုံးမှမရှိဘူး။ အဲဒါကြောင့် ဒီလူတွေကိုဖယ်ရှားလိုက်ပြီဆိုပေမဲ့ ဒီလူတွေက ဘာကိုစားမှာလဲ၊ ဘယ်လိုသောက်သုံးရေတွေရမှာလဲ၊ ဘယ်လိုရေချိုးရမှာလဲ။ ဘယ်လိုအမိုးအကာတွေအောက်မှာ နေရမလဲဆိုတာကတော့ အင်မတန်အရေးကြီးပါတယ်”ဟု ဒုဥက္ကဋ္ဌ စောမြရာဇာလင်းကပြောသည်။
ALP အနေနှင့်လည်း ၎င်းတို့လိုအပ်သည့် ယာယီအိမ်သာများနှင့် ရေခပ်ယူသုံးစွဲရန် ရေဗုံး၊ရေခွက်များအား လှူဒါန်းရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆက်ပြောသည်။
“အရေးတကြီးလိုနေတာကတော့ ယာယီအိမ်သာ၊ ယာယီအိမ်သာက အရမ်းအရေးကြီးတယ်။ အဲဒါကြောင့် ယာယီအိမ်သာဖြစ်မြောက်ရေးအတွက် လှူမယ်ဆိုတာမျိုးကို ALP အနေနဲ့စဉ်းစားနေတာရှိပါတယ်။ နောက်ပြီး သူတို့အကူအညီတောင်းလိုက်တာက ရေဗူး၊ရေခွက်တွေမရှိဘူး။ အဲဒါကြောင့် အထူးအရေးတကြီး လိုအပ်နေတာက မိသားစုတစ်စုချင်းစီကြည့်လိုက်မယ်ဆိုရင် ရေဗုံး ၈၄ လုံးလိုတယ်။ နီးစပ်အသိုင်းအဝိုင်း တွေနဲ့တိုင်ပင်ပြီးတော့မှ ရေဗူးတွေလှူဖို့အတွက် ALP က ကြိုးပမ်းနေတာရှိတယ်”ဟု စောမြရာဇာလင်းက ပြောသည်။
လက်ရှိတွင် ဖယ်ရှားခံရသည့်ကျူးကျော်များထဲမှ အချို့မှ ဘုန်းကြီးကျောင်းတချို့တွင် နေထိုင်နေရပြီး အချို့ကတူ ဖယ်ရှားခံရသည့်နေရာများတွင် တာလပတ်ချာများမိုးကာ တဲထိုးနေထိုင်နေကြကာ အလုပ်အကိုင်လည်းမရှိသဖြင့် စားဝတ်နေရေးခက်ခဲနေသည်ဟု ဆိုကြသည်။
“အခုလောလောဆယ်ကတော့ တစ်ပတ်စာရှိတယ်။ နောက်ဘယ်လိုစားရမလဲတော့မသိဘူး။ အလုပ်အကိုင်လည်းမရှိတော့ သုံးစရိတ်၊စားစရိတ်တွေတော့လိုတာပေါ့။ မနေ့က ရေ တစ်အိမ်ကိုတစ်ဗူးကျ လာလှူတယ်။ တခြားလိုတာကတော့ ဆီ၊ဆား၊ငရုတ်တော့လိုတယ်။ နေထိုင်ရေးမှာတော့ တစ်ချို့မှာဆိုရင် အိမ်ခေါင်မိုးတွေရလိုက်တယ်။ မရတဲ့လူတွေလည်းရှိတယ်။ မရတဲ့သူတွေမှာ မလုံတလုံနေရတယ်။ ကျမတို့မှာဆိုနေစရာမရှိတော့ သူများတဲတွေမှာသွားနေရတယ်။ အစိုးရ(စစ်ကောင်စီ)ကို တောင်းဆိုချင်တာတော့ နေဖို့နေရာတစ်ခု အမြန်ဆုံးချပေးစေချင်ပါတယ်”ဟု အာဂျိတ်ကုန်းမှ နေအိမ်ဖယ်ရှားခံလိုက်ရသည့် မသန်းသန်းဌေးက ပြောသည်။
အဆိုပါနေအိမ်များကို ကျူးကျော်ဟုခေါင်းစဉ်တပ်က အင်အားသုံးဖယ်ရှားခဲ့မှုများကြောင့် ပြည်သူများကြား စစ်ကောင်စီကို ဝေဖန်မှုများထွက်ပေါ်နေပြီး ၎င်းတို့ကို သင့်လျှော်သည့်မြေနေရာများတွင် နေရာချပေး သင့်ကြောင်းလည်း အကြံပြုပြောဆိုမှုများရှိနေသည်။
သို့သော်လည်း ပြည်နယ်စစ်ကောင်စီအနေဖြင့် နေအိမ်ဖယ်ရှားခံရသူများကို မည်သို့မည်ပုံ ဆက်လုပ်သွားမည်ကို တရားဝင်ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။