- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပါတီအင်အားဖြည့်တင်းရန် ANP ထိပ်သီးအစည်းအဝေးပြုလုပ်
ANP ပါတီအတွင်း ရှေ့ဆက်လုပ်ငန်းများ၊ ပြုပြင်ပြောင်းလဲရေးနှင့် ပါတီအင်အားဖြည့်တင်းရန်တို့အတွက် ပါတီဗဟိုကော်မတီအစည်းအဝေးကို (မေလ ၁၂ ရက်နေ့နှင့် ၁၃ ရက်)တို့တွင် ရခိုင်ပြည်နယ် ဂွမြို့နယ်၌ ပြုလုပ်ခဲ့သည်။
14 May 2022
ANP ပါတီအတွင်း ရှေ့ဆက်လုပ်ငန်းများ၊ ပြုပြင်ပြောင်းလဲရေးနှင့် ပါတီအင်အားဖြည့်တင်းရန်တို့အတွက် ပါတီဗဟိုကော်မတီအစည်းအဝေးကို (မေလ ၁၂ ရက်နေ့နှင့် ၁၃ ရက်)တို့တွင် ရခိုင်ပြည်နယ် ဂွမြို့နယ်၌ ပြုလုပ်ခဲ့သည်။
လက်ရှိပါတီအတွင်း ဗဟိုကော်မတီဝင်များ နှုတ်ထွက်သွားသည့်အတွက် အားနည်းလာခြင်းတို့ကို ပြန်လည်ဖြည့်တင်းရန်အတွက် ပါတီထိပ်ပိုင်းခေါင်းဆောင်များကဆွေးနွေးခဲ့ကြောင်း ပါတီတာဝန်ရှိသူများက ပြောသည်။
“ပါတီတွင်းပြုပြင် ပြောင်းလဲဖို့အတွက်လုပ်ကြတဲ့ အစည်းအဝေးပါ၊ တခြားကိစ္စတော့မပါဘူး။ ကိုယ့်ပါတီထဲမှာ ဗဟိုကော်မတီတွေ အင်အားနည်းနေကြတယ်။ နှုတ်ထွက်သွားတဲ့ သူတွေလည်းရှိတယ်။ CEC တွေ နှုတ်ထွက်ကြတယ်။ အဲလိုအင်အားနည်းတာကို အင်အားဖြည့်ဖို့အတွက် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုရှေ့ဆက်မလဲ စတဲ့အကြောင်းအရာတွေကို လုပ်တဲ့အစည်းအဝေးပါ”ဟု ANP ဗဟိုအမှုဆောင်ကော်မတီအဖွဲ့ဝင် ဦးခိုင်မိုးထွန်းက DMG သို့ပြောသည်။
ထိုသို့ဆွေးနွေးရာ၌ ထိပ်ပိုင်းခေါင်းဆောင်များ အလုပ်မှုဆောင်ကော်မတီဝင်များက ပါတီဆက်လက် အင်အားခိုင်မာစွာရပ်တည်နိုင်ရေးကို အင်တိုက်အားတိုက်ဆွေးနွေးခဲ့ကြကြောင်း ၎င်းကဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ANP ပါတီမှ ထိပ်ပိုင်းခေါင်ဆောင်အချို့မှာ အကြောင်းအမျိုးမျိုးကြောင့် ပါတီမှနှုတ်ထွက်သွားသူများနှင့် ပါတီနှင့်ကင်းကွာနေပြီး အဆက်အသွယ် ပြတ်တောက်နေသူစုစုပေါင်း ၉ ဦးရှိကြောင်း သိရသည်။
ထိုအထဲတွင် စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ပါဝင်နေသည့် ဒေါ်အေးနုစိန်နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)တွင် နိုင်ငံရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေ့သည့် ဦးဦးလှစောတို့ ပါဝင်သည်။ ထို့အပြင် ဦးဖေသန်းမှာလည်း မိမိသဘောဆန္ဒအရ ပါတီမှနှုတ်ထွက်ခဲ့သည်။
လာမည့်ကာလတွင် ပါတီအင်အားဖြည့်ရာ၌ ပြင်ပမှလူအသစ်များ ထပ်မခေါ်ဘဲ ပါတီအတွင်းက အရည်အချင်းရှိသည့်လူများဖြင့် ဆက်လက်ရပ်တည်သွားမည်ဟုလည်း ပါတီဗဟိုကော်မတီများက ပြောသည်။
“ပါတီ CEC တွေနေရာမှာ လစ်လပ်သွားတဲ့ပုဂ္ဂိုလ်တွေကို CC ကနေ အရည်အချင်းရှိတဲ့သူတွေကို CEC နေရာကို လွှဲပြောင်းပေးဖို့ အဲလိုမျိုးလုပ်ဆောင်သွားမယ်”ဟု ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖိုးစံက DMG ကို ပြောသည်။
ရခိုင်အမျိုးသားပါတီ(ANP)ကို ၂၀၁၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် ရခိုင်လူထုထောက်ခံမှုအများဆုံးဖြင့် ရခိုင်ပြည်နယ်အတွင်း အမတ်နေရာအများဆုံးအနိုင်ရရှိခဲ့သည့် ပါတီတစ်ခုလည်းဖြစ်သည်။