ရှမ်းမြောက်တိုက်ပွဲတွင် စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်နေ

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းအား တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး (၃) လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း TNLA က ဇွန်လ ၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

By Admin 05 Jul 2024

ရှမ်းမြောက်တိုက်ပွဲတွင် စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်နေ

DMG ၊ ဇူလိုင် ၅

ရှမ်းပြည်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ပြန်လည်ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်ကောင်စီက နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုအဆိပ်ငွေ့ဗုံးကို အသုံးပြုတိုက်ခိုက်နေကြောင်း TNLA က ထုတ်ပြန်သည်။

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းအား တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး (၃) လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း TNLA က ဇွန်လ ၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထိုသို့တိုက်ခိုက်မှုကြောင့် TNLA တပ်ဖွဲဝင် (၈) ဦး အဆိပ်ငွေ့သင့်ပြီး အသက်ရှူမြန်ခြင်း၊ စိတ်လှုပ်ရှားမြန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းနှင့် မအီမသာဖြစ်ခြင်းဝေဒနာများကို ခံစားနေရပြီး ဆေးကုသမှုခံယူနေကြောင်း TNLA ကဆိုသည်။  

ပြီးခဲ့သည့် ဇွန်လ ၁ရက်နှင့် ၄ ရက်အတွင်းကလည်း စစ်ကောင်စီ၏ နောင်ချို ဒုံးတပ်ရင်းမှ အဆိပ်ငွေ့ဗုံး ၄ လုံး အထိ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း TNLA ထုတ်ပြန်ချက်တွင်ပါရှိသည်။ 
 
“ပြည်တွင်းစစ်မှာ လေယာဉ်တောင် သုံးခွင့်မရှိဘူး။ ဒါပေမဲ့ စစ်ကောင်စီက တိုက်ပွဲတွေမှာ လေယာဉ်ကို အသုံးပြု တိုက်ခိုက်နေတယ်။ အခုဆိုရင် အဆိပ်ငွေ့ဗုံးတွေပါ အသုံးပြုလာတာကိုတွေ့ရတယ်။ ဒါတွေဟာ စစ်ကောင်စီက လူ့အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်တယ်။ ဒါတွေကို နိုင်ငံတကာရော၊ ကုလသမဂ္ဂကပါ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရဖို့လိုတယ်။”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကလည်း ရှမ်းမြောက်ဒေသတိုက်ပွဲအတွင်း စစ်ကောင်စီက ဓာတ်တုအဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်က ထိုသို့တိုက်ခိုက်မှု မရှိကြောင်း ငြင်းဆိုခဲ့သည်။

ရှမ်းမြောက်ဒေသတွင် တရုတ်ကြားဝင်စေ့စပ်မှုဖြင့် အပစ်ရပ်စဲခဲ့သည့် “ဟိုင်ဂင်” သဘောတူညီချက်မှာ ဇွန်လ ၂၅ ရက်နေ့ တိုက်ပွဲနှင့်အတူ ကျိုးပျက်သွားခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးတကျော့ပြန်စတင်ခဲ့ကာ တိုက်ပွဲများ ပြင်းထန်နေသည်။

တိုက်ပွဲ ၁၀ ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်စခန်း ၄၀ ကျော်ကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က တိုက်ခိုက်သိမ်းပိုက်ထားပြီး နောင်ချို၊ မိုးမိတ်နှင့် သီပေါမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်လျက်ရှိသည်။

ဗီဒီယိုများ