- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရသေ့တောင်မြို့နယ်ရှိ ကျေးရွာတစ်ချို့တွင် စစ်တပ်က တပ်စွဲနေသေးသောကြောင့် ဒေသခံများအိမ်မပြန်ရဲကြ
ရသေ့တောင်မြို့နယ်ရှိ ကျေးရွာတစ်ချို့အနီးနှင့် ဘုန်းကြီးကျောင်းတို့တွင် မြန်မာစစ်တပ်က တပ်စွဲနေထိုင်လျက်ရှိနေသေးသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများမှာ နေရပ်မပြန်ရဲကြသေးဟု သိရသည်။
27 Jul 2022
DMG ၊ ဇူလိုင် ၂၇
ရသေ့တောင်မြို့နယ်ရှိ ကျေးရွာတစ်ချို့အနီးနှင့် ဘုန်းကြီးကျောင်းတို့တွင် မြန်မာစစ်တပ်က တပ်စွဲနေထိုင်လျက်ရှိနေသေးသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများမှာ နေရပ်မပြန်ရဲကြသေးဟု သိရသည်။
မြန်မာစစ်တပ်သည် ဇူလိုင်လ ၁၈ ရက်နေ့က ပြားချောင်းကြီး၊ အလယ်ရွာချေ၊ ပြင်ခေါင်ကျေးရွာများသို့ ဝင်ရောက်လာသောကြောင့် ဒေသခံ ၁၅၀၀ ခန့်မှာ အခြားကျေးရွာများသို့ ထွက်ပြေးနေကြရသည်။ ထို့ပြင် ယင်းနေ့တွင် ရသေ့တောင်မြို့ ပြည်လုံးချမ်းသာဘုန်းကြီးကျောင်းသို့လည်း စစ်သားများ ဝင်ရောက်လာသော ကြောင့် ယင်းကျောင်းတွင်ခိုလှုံနေသည့် စစ်ဘေးရှောင် ၄၀ ကျော်ခန့်မှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ၎င်းတို့ထံမှသိရသည်။
လက်ရှိတွင် မြန်မာစစ်တပ်က အင်အား ၄၀ ကျော်ခန့်သည် ပြားချောင်းကြီးကျေးရွာမှ ထွက်ခွာပြီး ရွာအနီးကားလမ်းတွင် သဲအိတ်များဖြင့် ဘန်ကာများပြုလုပ်ပြီး စခန်းချထားသဖြင့် နေရပ်မပြန်ရဲကြသေးဟု ဒေသခံ ဦးဆန်းလင်းကပြောသည်။
“အစိုးရ(စစ်ကောင်စီ)ဘက်က စစ်ကြောင်းထိုးပြီး ရွာထဲရောက်လာတော့ ရွာကလူတွေလည်း ကြောက်ပြီးထွက်ပြေးကြတာပါ။ အခုလို နှစ်ဖက်စစ်ရေးတင်းမာနေတဲ့အချိန်မှာ တကယ်လို့ တိုက်ပွဲဖြစ်ရင် ကျနော်တို့ပိတ်မိနေမှာကြောက်လို့ ထွက်ပြေးတိမ်းရှောင်နေတာပါ”ဟု ၎င်းကဆိုသည်။
မြန်မာစစ်တပ်က ရွာအနီးတွင် စခန်းချထားပြီး ဒေသခံများကို စစ်ဆေးမေးမြန်းမည်နှင့် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးခံရမည်ကိုစိုးရိမ်သောကြောင့် ထွက်ပြေးတိမ်းရှောင်ရခြင်းဟု ပြားချောင်းကြီးကျေးရွာမှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောသည်။
“တိုက်ပွဲဖြစ်မှာကိုလည်း ကြောက်ပါတယ်။ ပြီးရင် ကျနော်တို့မှာ မရှိဆင်းရဲသားတွေမှာ ငါး၊ဟင်းတွေရှာပြီးရင် ရသေ့တောင်မြို့ပေါ်သို့ သွားရောင်းကြပါတယ်။ သူတို့က လမ်းမတွေမှာ ဂိတ်တွေ ချပြီးနေတော့ စစ်ဆေးမေးမြန်းတာတွေ၊ AA မဟုတ်ဘဲ AA လို့စွပ်စွဲပြီး အဖမ်းခံရမှာကို စိုးရိမ်ကြောင့်ကြပြီး ထွက်ပြေးလာရတာပါ”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် အဆိုပါကျေးရွာများမှ ဒေသခံ ၁၅၀၀ ခန့်မှာ အဝဒါကျေးရွာသို့ရောက်ရှိနေကြောင်း အုပ်ချုပ်ရေးမှူး ဦးလှမောင်ယေကပြောသည်။ ထို့ပြင် ပေါက်တောချေရွာ၊ ထွန်းရဝေရွာနှင့် ကျောက်ဆုံရွာတို့တွင်လည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုဆိုသည်။
“စားဝတ်နေရေးကတော့ မလုပ်မကိုင်ဘဲ စားသောက်နေရတာဆိုတော့ အဆင်ပြေတဲ့သူပြေတယ်။ မပြေတဲ့သူမပြေဘူး။ ပထမဆုံးနေ့ကတော့ ရွာထဲက တစ်အိမ်ကို ၅ ယောက်စီ ချက်ပြီးကျွေးတယ်။ အခုကျတော့ မွန်းတည့်ရင် အခြေအနေတွေကြည့်ပြီးရွာတွေက သိပ်မဝေးတော့ တစ်ယောက်ကကိုယ့်အိမ်ကိုသွားပြီး သွားချက်ပြုတ်တယ်။ ပြီးရင် ထမင်းတွေယူပြီး ဒီကိုလာပို့တယ်။ သူတို့က အခု သွားလိုက်၊လာလိုက်ဖြစ်နေကြတယ်”ဟု သူကပြောသည်။
ထွက်ပြေးတိမ်းရှောင်လာသူများကမူ ၎င်းတို့အနေဖြင့် မြန်မာစစ်တပ် ရွာအနီးမှ ဆုတ်ခွာသွားမှသာလျှင် နေရပ်သို့ စိတ်ချ၊လက်ချပြန်နိုင်မည်ဟု ဆိုကြသည်။
“တိုက်ပွဲ မဖြစ်တာတော့မှန်ပေမယ့် သူတို့က ရွာတစ်ဖက်ကမ်းမှာ စခန်းချနေတော့ ကျမတို့လည်းမနေရဲလို့ အဝဒါမှာ စစ်ဘေးရှောင်နေရတာပါ။ သူတို့တွေပြန်မှ ကျမတို့လည်း ရွာပြန်မှာပါ။ သူတို့တွေ ရွာတစ်ဖက်ကမ်းမှာ စခန်းချနေသရွေ့တော့ ကျမတို့လည်း ရွာပြန်ဖို့မဖြစ်နိုင်ပါဘူး။ စားရေးသောက်ရေးကတော့ အခက်အခဲရှိပေမယ့် အခုအခြေအနေမှာ အဆင်ပြေအောင် စားနေကြတယ်။ လနဲ့ချီပြီး ကျမတို့ထွက်ပြေးနေရရင်တော့ သိပ် အခက်အခဲဖြစ်မှာ”ဟု ပြားချောင်းကြီးဒေသခံ ဒေါ်မေလုံးကပြောသည်။
ထို့အတူ ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်ရှိ ပြည်လုံးချမ်းသာဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အား ၆၀ ခန့်သည် ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ ယခုအချိန်ထိ တပ်စွဲနေထိုင်နေသောကြောင့် စစ်ဘေးရှောင်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြားချောင်ကြီးရွာအနီးနှင့် စစ်ဘေးရှောင်စခန်းတို့တွင် တပ်စွဲနေထိုင်ခြင်းနှင့်ပတ်သက်၍ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။