မောင်တောမြို့သိမ်းတိုက်ပွဲ စတင်တော့မည်ဟု AA ကြေညာ

AA သည် မောင်တောမြို့နယ်ရှိ စစ်ကောင်စီစခန်းအားလုံးနီးပါးကို တိုက်ခိုက်သိမ်းပိုက်ထားပြီး မောင်တောမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ လက်ကျန်စခန်းများကိုလည်း ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားသည်။ 

By Admin 17 Jun 2024

ဇွန်လ ၁၃ ရက်တွင် AA သိမ်းပိုက်ရရှိခဲ့သော မောင်တောမြို့နယ်၊ မောရဝတီဗျူဟာ။ 
ဇွန်လ ၁၃ ရက်တွင် AA သိမ်းပိုက်ရရှိခဲ့သော မောင်တောမြို့နယ်၊ မောရဝတီဗျူဟာ။ 

DMG ၊ ဇွန် ၁၇

ရခိုင်ပြည်၊ မောင်တောမြို့ရှိ စစ်ကောင်စီလက်ကျန်စခန်းများကို တိုက်ခိုက်တော့မည်ဖြစ်၍ ဒေသခံများအနေဖြင့် ဇွန်လ ၁၆ ရက်မှစ၍ မြို့အတွင်းမှ အမြန်ဆုံးထွက်ခွာကြရန် အာရက္ခတပ်တော်က အသိပေးထုတ်ပြန်လိုက်သည်။

AA သည် မောင်တောမြို့နယ်ရှိ စစ်ကောင်စီစခန်းအားလုံးနီးပါးကို တိုက်ခိုက်သိမ်းပိုက်ထားပြီး မောင်တောမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ လက်ကျန်စခန်းများကိုလည်း ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားသည်။ 

စစ်ကောင်စီသည် မောင်တောမြို့ကို စစ်စခန်းများသဖွယ်အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလအတန်ကြာမြင့်ပြီဖြစ်သည်။ 

လက်ရှိတွင် ယင်းစခန်းများကို တိုက်ခိုက်တော့မည်ဖြစ်၍ မောင်တောမြို့ခံများအနေဖြင့် လမ်းမ၊ နေအိမ်အတွင်း စစ်ကောင်စီက ခုခံစစ်ပြင်ထားသောနေရာများ၊ အဆောက်အအုံများပေါ်ရှိ စနိုက်ပါပစ်ရန်ပြုလုပ်ထားသော နေရာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာနေရာများ၌ ပူးတွဲနေထိုင်ခြင်းမရှိစေရန် AA က သတိပေးထားသည်။ 

“အဓိကတော့ မြို့သိမ်းတိုက်ပွဲပြုလုပ်မယ်ဆိုရင် ပြည်သူတွေရဲ့ အသက်လုံခြုံမှုက အရေးကြီးတာကြောင့် AA က ပြည်သူတွေကိုရွှေ့ပြောင်းပေးတာ မြို့နယ်တိုင်းမှာရှိတယ်။ မောင်တောမှာလည်း တိုက်ပွဲမဖြစ်ခင် ပြည်သူတွေရဲ့ အသက်အန္တရာယ်လုံခြုံဖို့ တိမ်းရှောင်ခိုင်းတာဖြစ်လို့ လိုက်နာကြဖို့အရေးကြီးတယ်။ အထူးသဖြင့် ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲလို မဖြစ်ဖို့အတွက် AA က တရားဝင်ထုတ်ပြန်အသိပေးတာ” ဟု စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။ 

မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ နခခ (၅)မြို့သူကြီး၊ နခခ (၂) လေးမိုင်တပ်ရင်းများနှင့် စခန်းငယ်အချို့သာ ကျန်ရှိတော့သည်။ 

ရခိုင်တိုက်ပွဲ ၇ လကျော်အတွင်း အာရက္ခတပ်တော်(AA) က စစ်ကောင်စီတပ်စခန်းအများအပြားနှင့် မြို့နယ် ၁၀ ခုထိ သိမ်းပိုက်ထိန်းချုပ်ထားသည်။ လက်ရှိတွင် မောင်တောမြို့ကို သိမ်းပိုက်ရန်ကြိုးပမ်းနေပြီး အမ်း၊ သံတွဲအပြင် တောင်ကုတ်၊ ကျောက်ဖြူအထိ စာမျက်နှာဖွင့် ထိုးစစ်ဆင်လျက်ရှိသည်။  

ဗီဒီယိုများ