- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လပွတ္တာနှင့် ဟိုင်းကြီးကျွန်းသို့ မုန်တိုင်းစတင်ဖြတ်ကျော် ဒေးဒရဲနှင့် ဖျာပုံတွင် နေအိမ်တချို့ပျက်စီး
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်(Deep Depreession)သည် ယနေ့မတ်လ ၂၂ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းသို့ စတင်ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မြို့နယ်အချို့၌ နေအိမ်များနှင့်စေတီအချို့ ပျက်စီးမှုများရှိကြောင်း ဒေသခံများထံမှသိရသည်။
22 Mar 2022
DMG ၊ မတ် ၂၂
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်(Deep Depreession)သည် ယနေ့မတ်လ ၂၂ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းသို့ စတင်ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မြို့နယ်အချို့၌ နေအိမ်များနှင့်စေတီအချို့ ပျက်စီးမှုများရှိကြောင်း ဒေသခံများထံမှသိရသည်။
ဖျာပုံမြို့နယ်၊ အမာမြို့ ခေတ္တာကျေးရွာနှင့် ရွှေထီးကျေးရွာတို့၌ မုန်တိုင်း၏အရှိန်ဖြင့် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၆)လုံးပြိုကျပျက်စီးခဲ့ပြီး လေဘေးသင့်ဒေသခံများကို မုန်တိုင်းဒဏ်ခံအဆောက်အဦးများသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း အမာမြို့ရှိ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးမှ DMG ကိုပြောသည်။
"ဒီနေ့ခင်းလောက်ပဲ လေပြင်းအရမ်းတိုက်ပြီးတော့ အိမ် ၆ လုံးလောက် ပြိုကျခဲ့ပါတယ်။ အခုဒေသခံတွေကို ဆိုင်ကလုန်းရှယ်တာဆီကို ရွှေ့ပြောင်းပေးထားပါတယ်။ အခုအထိကတော့ လေတိုက်တာပြင်းပါတယ်။ မိုးလည်းရွာနေပါတယ်"ဟု ၎င်းမှပြောသည်။
လပွတ္တာမြို့နယ်တွင်လည်း မုန်တိုင်းအရှိန်ကြောင့် ဒီရေတက်ရောက်လာမှုရှိနေပြီး ဆိပ်ကမ်းတချို့ရေနစ်မြုပ်နေကာ အနီးအနားကျေးရွာများမှ လေဘေးသင့်ဒေသခံဦးရေ ၂၀၀ ကျော်နီးပါး ကိုးနဝင်းပရဟိတစာသင်တိုက်တွင် မုန်တိုင်းလာရှောင်နေရကြောင်း လပွတ္တာမြို့နယ် နှလုံးလှကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ထံမှ သိရသည်။
ဒေးဒရဲမြို့နယ် ပင်လယ်ကမ်းခြေအနီးရှိကျေးရွာများဖြစ်သည့် တိုးကျေးရွာ၊ ဆားကျင်းကျေးရွာတို့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂၉)လုံးပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း တိုးကျေးရွာဒေသခံတစ်ဦးမှ ဆိုသည်။
"လေအရမ်းပြင်းတယ်။ ကျွန်တော့်အိမ်အပါအဝင် နေအိမ် ၂၀ ကျော်လောက် ပြိုကျပျက်စီးကုန်တယ်။ လူတွေအထိအခိုက်ကတော့ လောလောဆယ်မကြားရသေးပါဘူး"ဟု ၎င်းမှဆိုသည်။
ထို့အပြင် မော်လမြိုင်ကျွန်းမြို့နယ် လှိုင်းဘုန်းကျေးရွာမှ ဓမ္မသုခကျောင်းတိုက်အတွင်းရှိ စေတီတစ်ဆူမှာ ထီးတော်မြေခမှုရှိခဲ့ပြီး ငွေဇင်ယော်ကျေးရွာတွင်လည်း လူနေအိမ်များပြိုကျပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
မုန်တိုင်းငယ်(Deep Depression)သည် ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်း၊ ပုသိမ်နှင့် ငရုပ်ကောင်းကျွန်းတို့မှဖြတ်ကာ ရခိုင်ပြည်နယ်သို့ဝင်ရောက်ပြီး အားပျော့ပျက်ပြယ်မည်ဖြစ်သည်။
မုန်တိုင်းအရှိန်ကြောင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သါရီတိုင်းတို့၌ လေပြင်းများတိုက်ခတ်ပြီး မိုးထစ်ချုန်းရွာသွန်းမှုများရှိနိုင်ကာ လေပြင်းတိုက်ခတ်နှုန်းတစ်နာရီလျှင် ၄၅ မိုင်အထိရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။