ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းရေယာဉ်အစီးရေ ၄၅၀၀ ကျော် ငါးဖမ်းဆီးခွင့်ပြုထား

ရခိုင်ကမ်းရိုးတန်းတွင် တရားဝင်မှတ်ပုံတင်ထားသော ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ် ၄၅၀၀ ကျော်ရှိကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

By DMG 05 Jan 2022

DMG ၊ ဇန်နဝါရီ ၅

ရခိုင်ကမ်းရိုးတန်းတွင် တရားဝင်မှတ်ပုံတင်ထားသော ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ် ၄၅၀၀ ကျော်ရှိကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ပြည်နယ်အတွင်း တရားဝင်မှတ်ပုံတင်ထားသော ကမ်းဝေးငါးဖမ်းရေယာဉ် ၆ စီးသာရှိပြီး အခြား ငါးဖမ်းရေယာဉ်များမှာ ကမ်းနီးငါးဖမ်းရေယာဉ်များဖြစ်ကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာနရုံးချုပ်၏ခွင့်ပြုချက်ဖြင့် ရခိုင်ကမ်းရိုးတန်းအတွင်းသို့ လာရောက်ငါးဖမ်းဆီးနေသော ကမ်းဝေးငါးဖမ်းရေယာဉ်အစီးရေ ၂၃၀ ခန့်ရှိကြောင်းလည်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးက DMG သို့ပြောသည်။

“ရခိုင်မှာ တရားဝင်လိုင်စင်တင်ထားတဲ့ လှေတွေအပြင် လိုင်စင်မဲ့ငါးဖမ်းလှေတွေနဲ့ ငါးဖမ်းတာတွေလည်းရှိတယ်။ ကျွန်တော်တို့က ကင်းလှည့်ကင်းဆောင်ရွက်နိုင်တဲ့အဖွဲ့အစည်းမဟုတ်တော့ ဘယ်လောက်အထိ ပင်လယ်ထဲမှာ ငါးဖမ်းလှေတွေရှိနေတယ်ဆိုတာကို ပြောဖို့ခက်တယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၁၉၉၀ ခုနှစ်ခန့်မှစတင်ကာ ရခိုင်ကမ်းရိုးတန်းဒေတွင် တရားမဝင်ငါးဖမ်းလုပ်ငန်းမရှိစေရေးအတွက် တပ်မတော်(ရေ)မှ လုံခြုံရေးတာဝန်နှင့်အတူ ဖမ်းဆီးရေးကိုပါ ပူးပေါင်းဆောင်ရွက်ပေးနေကြောင်းကိုလည်း ဦးသက်ဦးကရှင်းပြသည်။

“တရားမဝင် ငါးဖမ်းလှေတွေများလာတော့ ရေတပ်အနေနဲ့လည်း လုံခြုံရေးတာဝန်ယူထားရတော့ သွားလာရင်းကြုံမှ အဲဒီငါးဖမ်းလှေတွေကို ဖမ်းနိုင်တယ်။ ကျွန်တော်ဒီကိုရောက်တဲ့ တစ်နှစ်ခွဲကာလအတွင်းမှာ ရေတပ်ကနေ တရားမဝင်ငါးဖမ်းလှေသုံးစီးလောက် ဖမ်းဆီးတယ်။ တစ်ကယ်တမ်းပြောရရင် ဖမ်းဆီးမှုကတော့ နည်းနေသေးတယ်။ ဒါကြောင့်လည်း ရေသယံဇာတွေလျော့နည်းလာတာ”ဟု ၎င်းကပြောသည်။

လက်ရှိ ရခိုင်ကမ်းရိုးတန်းဒေသတွင် ငါးဖမ်းဆီးနေသည့်လှေများမှာ မှတ်ပုံတင်ထားသည့် လှေအရေအတွက်ထက် ပိုများနေကြောင်း ရခိုင်ကမ်းရိုးတန်းဒေသထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(RCA)၏ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်က သုံးသပ်သည်။

“ငါးဖမ်းတဲ့ရာသီတွေရောက်ရင် ပင်လယ်ထဲကိုကြည့် ဘုရားပွဲထက်တောင် ပိုစည်နေသေးတယ်။ ပုံမှန်နေ့ခင်းဘက်တွေဆိုရင်တောင် ပင်လယ်ထဲမှာ ငါးဖမ်းလှေဆယ်စီးလောက်ကို တွေ့နေရတာ။ လောလောဆယ်က ပင်လယ်ထဲမှာ ငါးထက် လူကတောင်များနေတယ်လို့ပြောလို့ရမယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ငါးဖမ်းသူဦးရေများလာသည်နှင့်အမျှ မဆင်မခြင်ငါးဖမ်းဆီးမှုများနှင့် နည်းစနစ်မကျသည့် ငါးဖမ်းဆီးမှုများ၊ ဒီရေတောများပျက်စီးမှုများကြောင့် မြန်မာနိုင်ငံတွင် ရေပေါ်ရေအောက်သယံဇာတ တန်ချိန် ၃၉၁၀၀၀ ကျော်သာရှိတော့ပြီး လွန်ခဲ့သည့် နှစ် ၃၀ ခန့်နှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၈၀ ကျော်ခန့် လျော့နည်း သွားကြောင်း ရခိုင်ကမ်းရိုးတန်းဒေသမှလည်း အခြားကမ်းရိုးတန်းဒေသများနှင့်နှိုင်းယှဉ်ပါက ငါးသယံဇာတ အနိမ့်ဆုံးအခြေအနေတွင်ရှိနေပြီဖြစ်ကြောင်း နော်ဝေနိုင်ငံ၏ နောက်ဆုံးသုတေသနများအရ သိရသည်။

ကမ်းနီးငါးဖမ်းလုပ်ငန်းများသည် ကမ်းခြေမှပင်လယ်ရေမိုင် ၁၀ မိုင်အတွင်း ရေယာဉ်အလျားပေ ၃၀ အောက်နှင့် စက်စွမ်းအားမြင်းကောင်ရေ ၂၅ အောက်ရှိ ငါးဖမ်းရေယာဉ်များဖြင့်သာ ဖမ်းဆီးခွင့်ပြုထားပြီး ကမ်းဝေးငါးဖမ်း လုပ်ငန်းများကို ရေမိုင် ၁၀ မိုင်နှင့် မိုင် ၅၀ အတွင်းဖမ်းဆီးရန်သာ ခွင့်ပြုထားကြောင်းသိရသည်။