အများပြည်သူအပန်းဖြေလေ့ရှိသည့် စစ်တွေ ကိုးရီးယားဆိပ်ကမ်းတွင် အမှိုက်များပြန့်ကြဲနေ

အများပြည်သူများ အပန်းဖြေအနားယူရန် သွားလာလေ့ရှိသော စစ်တွေမြို့၊ မိဇံရပ်ကွက်ရှိ BXT ဆိပ်ကမ်း (ခေါ်)ကိုးရီးယား ဆိပ်ကမ်းတွင် စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှုများရှိနေသောကြောင့် လာရောက်လည်ပတ်သူများနှင့် ရပ်ကွက်နေပြည်သူများမှာ စိတ်ပျက်နေကြသည်။

29 Jul 2022

မိဇံရပ်ကွက်ရှိ ကိုးရီးယားဆိပ်ကမ်း (ခေါ်) BXT ဆိပ်ကမ်းအတွင်း အမှိုက်များပြန့်ကြဲနေသည့်မြင်ကွင်း။

DMG ၊ ဇူလှိုင် ၂၉

အများပြည်သူများ အပန်းဖြေအနားယူရန် သွားလာလေ့ရှိသော စစ်တွေမြို့၊ မိဇံရပ်ကွက်ရှိ BXT ဆိပ်ကမ်း (ခေါ်)ကိုးရီးယား ဆိပ်ကမ်းတွင် စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှုများရှိနေသောကြောင့် လာရောက်လည်ပတ်သူများနှင့် ရပ်ကွက်နေပြည်သူများမှာ စိတ်ပျက်နေကြသည်။

အဆိုပါအမှိုက်များကို အနီးအနားရပ်ကွက်နေ ပြည်သူတစ်ချို့နှင့် လာရောက်လည်ပတ်သူများက စွန့်ပစ်ကြခြင်းဟု မျက်မြင်များကဆိုကြသည်။ ယခုကဲ့သို့ အမှိုက်များပြန့်ကြဲနေသောကြောင့် အများပြည်သူများ လာရောက်ရန်ပင် တွန့်ဆုတ်နေကြသည်ဟု မိဇံရပ်ကွက်မှ ဦးကျော်ကျော်ကပြောသည်။

“လူတွေကိုယ်တိုင်ကိုက အမှိုက်ပုံးသတ်မှတ်ထားတဲ့နေရာရှိရင်လည် မပစ်ကြဘူး။ ပျင်းကြတယ်။ ဆိပ်ကမ်းမှာက လူတွေလည်း မနေသေးဘူးဆိုတော့ (အမှိုက်တွေကို)လွယ်လင့်တကူ ဖြစ်သလိုပစ်ချထားခဲ့တဲ့ လူတွေကများတယ်။ အဲဒါကြောင့် ပိုပြီးဆိုးလာတယ်လို့မြင်တယ်။ ရပ်ကွက်တိုင်းမှာလည်း စနစ်တကျ အမှိုက်စွန့်ပစ်ဖို့အတွက် အမှိုက်ပုံးတွေချထားပေးသင့်တယ်။ အမှိုက်အစို၊ အခြောက် သီးသန့်ပုံးတွေခွဲပြီး ချပေးသင့်တယ်“ဟု သူကဆိုသည်။

အဆိုပါဆိပ်ကမ်းကို ညနေပိုင်းအချိန်တွင် ဒေသခံများလာရောက်လေ့ရှိကြပြီး အပန်းဖြေအနားယူခြင်း၊ အားကစားပြုလုပ်ခြင်းများလည်းရှိသည်။ ထို့ပြင် တစ်ချို့မှာလည်း အရက်သေစာလာရောက်သောက်စားကြပြီး ပုလင်းခွံများနှင့် တခြားအမှိုက်များကိုလည်း စည်းကမ်းမဲ့စွန့်ပစ်မှုများရှိကြသည်။

“ကျွန်တော်တို့ရပ်ကွက်က လူတွေကတော့ အမှိုက်တွေကိုဆိပ်ကမ်းထဲမှာပဲဖြစ်ဖြစ်၊ မြစ်ထဲမှာဖြစ်ဖြစ် မပစ်စေချင်ဘူး။ မြစ်ထဲမှာပစ်ရင်လည်း ရေထုညစ်ညမ်းပြီး ရေနေသတ္တဝါတွေ နေဖို့ထိုင်ဖို့အဆင်မပြေ။ ငါးတွေလည်းရှားပါးလာတယ်။ ဆိပ်ကမ်းထဲမှာ ဆိုရင်လည်း အပန်းဖြေဖို့မရ။ အေးအေးချမ်းချမ်းထိုင်နေဖို့လည်းမရကြဘူး။ လူတွေလည်းဒုက္ခမရောက်အောင် လူနေအိမ်တွေနဲ့ ကင်းရှင်းတဲ့နေရာတွေမှာ သတ်မှတ်ပြီး အမှိုက်အစို၊ အခြောက် သီးသန့်ပုံးတွေ ထားပေးစေချင်တယ်။ တခြား‌နေရာတွေလည်း သွားပြီး ပစ်စရာမလိုအောင် ရပ်ကွက်တိုင်းမှာ သူ့ဟာနဲ့သူ ထားပေးစေချင်တယ်လို့ အကြုံပြုချင်ပါတယ်“ဟု ဦးကျော်ကျော်ကပြောသည်။

ထိုကဲ့သို့ လူအများ လာရောက်အပန်းဖြေလေ့ရှိသောနေရာတွင်  အမှိုက်များကို စည်းကမ်းမဲ့မပစ်သင့်ကြောင်းနှင့် လက်ရှိတွင် အမှိုက်ပုံး နှစ်ပုံးသာထားရှိသောကြောင့် စည်ပင်သာယာရေးဌာနအနေဖြင့်လည်း အမှိုက်ပုံးများ ယခုထက်ပိုမိုချပေးသင့်ကြောင်း ရပ်ကွက်နေ ဒေါ်ဝေဝေကပြောသည်။

“အမှိုက်တွေကို ဒီလိုစည်းမဲ့ကမ်းမဲ့လာပြီး မပစ်သင့်ဘူးလို့ထင်တယ်။ အမှိုက်တွေသာ ပြန့်ကြဲပြီးအများကြီးဖြစ်လာရင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် လူတွေရဲ့ကျန်းမာရေးကို ထိခိုက်လာစေနိုင်တယ်။ တစ်ချို့ဆိုရင် အမှိုက်ပုံးတွေနဲ့ လာပြီးသွန်ပစ်နေတာတွေလည်းတွေ့ရတယ်။ အမှိုက်သိမ်းတဲ့လူတွေကိုလည်း စာနာသင့်တယ်လို့မြင်ပါတယ်။ အမှိုက်ပုံးတွေ တစ်ပုံးတည်းမဟုတ်ပဲ ၄ ပုံးလောက်ချပေးထားရင် အမှိုက်တွေအားလုံးလည်း ပုံးထဲကိုရောက်ပြီးတော့ ပတ်ဝန်းကျင်လည်း ၃ ဆလောက် သန့်ရှင်းသွားလိမ့်မယ်လို့ထင်တယ်။ အဲဒါကြောင့် အမှိုက်ပုံးတွေကိုလည်း တိုးမြှင့်ချသင့်တယ်လို့ထင်တယ်“ဟု သူကဆိုသည်။

ထိုသို့ အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်မှုများ မရှိရအောင်အတွက် စည်ပင်သာယာရေးဌာနအနေဖြင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်သင့်ကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း စည်းကမ်းများ လိုက်နာရန်လိုအပ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အငြိမ်းစား ဦးအောင်ကျော်ဝင်းက အကြံပြုသည်။

“လူစည်ကားတဲ့နေရာတွေမှာ ပညာ‌ပေး ဟောပြောသင့်တယ်။ ဈေးဆိုရင်လည်းဈေး၊ ရပ်ကွက်ဆိုရင်လည်း တခြားရပ်ကွက်ထဲမှာ ပညာပေးဟောပြောသင့်တယ်။ လက်ကမ်းစာစောင်တွေနဲ့ အမှိုက်သိမ်းစနစ်တွေနဲ့ အမှိုက်ပစ်စနစ်တွေကို ဖြန့်ဝေပေးရမယ်။ စည်ပင်မှာ ပညာ‌ပေးဌာနလည်း သီးသန့်ရှိသင့်တယ်”ဟု ၎င်းက ဆိုသည်။

စစ်တွေမြို့တွင် ကိုးရီးယားဆိပ်ကမ်းအပါအဝင် တခြားရပ်ကွက်များ၊ လမ်းများတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများရှိနေသည်။ အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။