- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် မြန်မာစစ်တပ်က ကုန်ကားများကို အချိန်ကြာမြင့်စွာ စစ်ဆေးနေသောကြောင့် ကုန်စိမ်းနှင့် ရေထွက်ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုရှိနေ
ရခိုင်ပြည်တွင် မြန်မာစစ်တပ်သည် စစ်တွေ-ရန်ကုန်သို့ သွားလာနေသည့် ကုန်တင်ကားများကို အချိန်ကြာမြင့်စွာ စစ်ဆေးမှုများရှိသဖြင့် ကုန်စိမ်းများနှင့် ရေထွက်ကုန်ပစ္စည်းများမှာ ပျက်စီးဆုံးရှုံးမှုရှိနေကြောင်း လုပ်ငန်းရှင်များကဆိုသည်။
22 Oct 2022
စစ်တွေ မြို့မဈေးကြီး၌ ငါးဈေးတန်းအား တွေ့ရစဉ် ။
DMG ၊ အောက်တိုဘာ ၂၂
ရခိုင်ပြည်တွင် မြန်မာစစ်တပ်သည် စစ်တွေ-ရန်ကုန်သို့ သွားလာနေသည့် ကုန်တင်ကားများကို အချိန်ကြာမြင့်စွာ စစ်ဆေးမှုများရှိသဖြင့် ကုန်စိမ်းများနှင့် ရေထွက်ကုန်ပစ္စည်းများမှာ ပျက်စီးဆုံးရှုံးမှုရှိနေကြောင်း လုပ်ငန်းရှင်များကဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ ကုန်ကားများကို စစ်ဆေးရေးတင်းကျပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့စစ်ဆေးမှုကြောင့် အချိန်ကြန့်ကြာကာ ရေထွက်ကုန်ပစ္စည်းများမှာ အရည်အသွေးကျဆင်းသွားသဖြင့် တစ်ဖက်နိုင်ငံသို့ ငါး၊ပုဇွန်များ တင်ပို့ရာတွင် စျေးကောင်းမရနိုင်တော့ဟု လုံခြုံရေး အမည်မဖော်လိုသည့် လုပ်ငန်းရှင်တစ်ဦးက DMG သို့ ပြောသည်။
“စစ်ဆေးရေးဂိတ်တွေက တင်းကျပ်နေတာ့ လမ်းခရီးမှာ အချိန်ကြန့်ကြတော့ ငါး၊ပုဇွန်တွေက ပုတ်တော့ မပုတ်ဘူး။ ဒါပေမယ့် အရည်အသွေးတွေ ကျသွားတယ်။ ဥပမာ- ဈေးတစ်သောင်းကျော်တန် သတ်မှတ်ထားတာကို အရည်အသွေးပျက်သွားတဲ့အတွက် တစ်သောင်း မရတော့ဘူးပေါ့။ ခုနှစ်ထောင်လောက်ပဲ ရတော့တယ်ပေါ့။ အဲဒီအပိုင်းတွေမှာတော့ အခက်အခဲတွေရှိတယ်”ဟု ၎င်းကဆိုသည်။
မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များသည် ကျောက်တော်တပ်မဂိတ်၊ မင်းပြားရာမောင်တံတားနှင့် အမ်းစစ်ဆေးဂိတ်တို့တွင် အဆိုပါ ကုန်တင်ကားများအပါအဝင် ခရီးသည်တင်ယာဉ်များကိုလည်း ရပ်တန့်စစ်ဆေးနေသည်ဟု ကုန်ကားမောင်းနှင်သူတစ်ဦးကပြောသည်။
“အခုစစ်ဆေးရေးဂိတ်တွေ အရင်ထက် ပိုများလာတယ်။ ကျောက်တော် တပ်မဂိတ်ဆိုရင် ညနေ ၄ နာရီမှ ဖွင့်ပေးမယ်။ မင်းပြားရာမောင်တံတား ၆ နာရီဆို ဂိတ်ပိတ်တော့ အဲဒီမှာ တစ်ညအိပ်ရတယ်။ ပြီးရင် အမ်းဂိတ်မှာလည်း ည ၆ နာရီပိတ်တော့ တစ်ညအိပ်ပေါ့။ စစ်ဆေးတာတွေကတော့ တာလပတ်ရှာတွေကို လှန်ကြည့်တယ်။ နယ်/လုံ လက်မှတ်ပါလားစစ်တယ်။ ဂိတ်ပိတ်တာတွေ၊ စစ်ဆေးတာတွေနဲ့ဆိုတော့ အချိန်ကြာတာပေါ့”ဟု သူပြောသည်။
စစ်တွေမြို့မှ ရေလုပ်ငန်းရှင်တစ်ဦးကလည်း ယခုကဲ့သို့ စစ်ဆေးရေး တင်းကျပ်နေမည်ဆိုလျှင် ငါး၊ပုဇွန်နှင့် တခြားရေထွက်ကုန်လုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများရှိနိုင်ကြောင်း ပြောသည်။
“သူတို့က စစ်ဆေးရေးတွေ တင်းကျပ်ထားတယ်ဆိုရင် တစ်ခါတစ်လေ သွားခွင့်မပေးချင် မပေးဘူး။ အဲတော့ အချိန်က မတော်မတရားကြာသွားတဲ့အခါ ဒီပစ္စည်းတွေကလည်း နိုင်ငံခြားကို ပို့ရမယ့်ပစ္စည်းတွေဆိုတော့ ရန်ကုန်က စက်ရုံပဲပို့ရသေးတယ်။ ရန်ကုန်က စက်ရုံတွေကလည်း နိုင်ငံခြားပို့ရမယ့် အရည်အသွေးမမီဘူးဆိုရင် ကျနော်တို့သတ်မှတ်ထားတဲ့ ဈေးကွက်မပေးနိုင်ဘူးဆိုရင် ကျနော်တို့မှာ နစ်နာမှုက အများကြီးရှိတယ်ပေါ့”ဟု သူကပြောသည်။
ထို့အတူ ရန်ကုန်မှသယ်ယူလာသည့် ကုန်စိမ်းများဖြစ်သော ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများမှာလည်း စစ်တွေမြို့သို့ရောက်ရှိလျှင် ပျက်စီးသွားသည့် အခြေအနေရှိသဖြင့် လုပ်ငန်းထိခိုက်လာသည်ဟု စစ်တွေမြို့မှ ဟင်းသီးဟင်းရွက်ပွဲစား ကိုဆန်းလွင်ကဆိုသည်။
“ကာလမ်းတွေမှာ ဂိတ်တွေက စစ်ဆေးရေးတင်းကျပ်နေတော့ ကျနော်တို့ ကုန်မှာချင်ရင်လည်း မမှာရဲတော့ဘူး။ ဘာလို့လဲဆိုတော့ ဒီကိုရောက်လာရင် ဟင်းတွေက အကုန်လုံးပုတ်သိုးနေပြီလေ။ အရင်ကဆိုရင် ကားက လမ်းမှတစ်ညအိပ်ပြီး မိုးလင်းရင်ရောက်ပြီ။ အခုက လမ်းမှာ ၅ ရက်လောက်ကြာတယ်လေ။ စစ်ဆေးရေးဂိတ်မှာ တားထားတာတွေနဲ့ သူတို့က ကားကိုမသွားခိုင်းတာနဲ့ဆိုတော့ ကျနော်တို့အနေနဲ့ သိပ်အခက်အခဲဖြစ်တယ်။ ဟင်းသီးဟင်းရွက်တွေ ပုတ်တာကြောင့် အကုန်လုံးလွှင့်ပစ်လိုက်ရတယ်”ဟု သူကပြောသည်။
ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာလာပြီးနောက် ကုန်းလမ်း၊ရေလမ်းဖြင့် သွားလာသည့် ခရီးသည်များကိုလည်း စစ်ကောင်စီက တင်းကျပ်စွာစစ်ဆေးလျက်ရှိသည်။