- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၉၀ ကျော်အထိရှိလာ
ရခိုင်ပြည်တွင် ယခုနှစ် ဇန်နဝါရီလအတွင်းမှ ဇွန်လ ၁၅ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား သူ ၉၄ ဦးရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
16 Jun 2021
DMG ၊ ဇွန် ၁၆
ရခိုင်ပြည်တွင် ယခုနှစ် ဇန်နဝါရီလအတွင်းမှ ဇွန်လ ၁၅ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား သူ ၉၄ ဦးရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ သွေးန်လွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ လက်ရှိအချိန်၌ သံတွဲမြို့နယ်တွင် (၃၂) အထိအများဆုံး ဖြစ်ပွားနေပြီး ရသေ့တောင်တွင် (၂၀) ဦး၊ စစ်တွေတွင် (၁၉) ဦး၊ ကျောက်ဖြူတွင် (၉) ဦး၊ ပေါက်တောတွင် (၅) ဦးတို့အပါအဝင် တခြားမြို့နယ်တချို့တွင်လည်း အနည်းငယ်ဖြစ်ပွားမှုရှိနေသည်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၄ ဦးထဲမှ ၅၀ ဦးမှာ ယခု ဇွန်လအတွင်းတွင် ဖြစ်ပွားလာခြင်းဖြစ်သည့် အတွက် မိမိနေအိမ်ပတ်ဝန်းကျင်တွေင် ခြင်များမပေါက်ပွားအောင် သန့်ရှင်းရန်လိုအပ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်ဇော်အောင်က ပြောသည်။
“ခြင်ကျား ကိုက်တာကိုခံရတာတွေကြောင့်ဖြစ်တယ်။ နေ့ခင်းဖက်တွေမှာ ကိုက်ခံရတယ်။ ကလေးတွေကို နေ့ခင်းဖက်မှာ အိပ်တဲ့အခါ ခြင်ထောင် ထောင်ဖို့လိုတယ်။ ခြင်မပေါက်အောင် နေအိမ်ပတ်ဝန်းကျင်တွေ သန့်ရှင်းဖို့ ရှင်းလင်းထားဖို့လိုတယ်” ဟု ၎င်းကဆိုသည်။
ကျန်းမာရေးဌာနအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေးအတွက် အိမ်သုံးရေကန်များ၊ ရေစည်များ abate လောက်လန်းသေဆေးများကို သက်ဆိုင်ရာ မြို့နယ်အလိုက် ကျန်းမာရေးအဖွဲများမှ လိုက်ခတ်ကြသလို နှစ်စဉ် ဖေဖော်ဝါရီလအတွင်းမှစတင်ကာ ကျန်းမာရေးအသိပညာပေးမှုများ လုပ်ဆောင်ကြောင်း ဒေါက်တာဇော်ဇော်အောင်က ပြောသည်။
“ခြင်မပေါက်အောင် ရေမဝပ်အောင် ဘုရားပန်းအိုး၊ ကားတာယာစတဲ့ နေရာတွေမှာ ရေတင်မကျန်ဖို့၊ ရေလဲပေးဖို့။ ရောဂါဖြစ်တဲ့ အိမ်တဝိုက်ကိုလည်း ဆေးမှုတ်ပေးနေတယ်။ အဓိကတော့ ကိုယ့်အိမ်၊ ကိုယ့် ပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်ဖို့ ရေလဲပေးဖို့ အရေးကြီးတယ် ” ဟု သူကဆိုသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ဖြစ်ပွားစေပြီး လူကြီး/လူငယ်၊ ကျား/မ မရွေးဖြစ်ပွားတတ်သည့် ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။
ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၂၁ ဦးရှိခဲ့ပြီး သေဆုံးသူ ၁ ဦးရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ အလားတူ ၂၀၁၉ ခုနှစ်ကလည်း ရခိုင်တွင် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၈၀၈ ဦးနှင့် သေဆုံးသူဦးရေ ၈ ဦးရှိခဲ့သည်။