စစ်တွေမြို့ထဲ ရွှေ့ပြောင်းခံရသည့် ကျေးရွာ ၁၀ ကျော်မှ ဒေသခံများအခြေအနေ 

ရေချမ်းပြင်၊ ကြွီတဲ၊ အောင်ဒိုင်၊ ပလ္လင်ပြင်၊ ပျားလေချောင်း၊ မောင်နီပြင်၊ အမြင့်ကျွန်း စသည့်ကျေးရွာဒေသခံများကို စစ်တွေမြို့ပေါ်သို့ အတင်းပြောင်းရွှေ့ထား၍ စားဝတ်နေရေးအပြင် လုံခြုံရေးပိုင်းလည်း ခြိမ်းခြောက်ခံနေရသည်။ 

By Admin 03 Jul 2024

စစ်တွေမြို့သို့ အတင်းပြောင်းရွှေ့ခံရသည့် ကျေးရွာများထဲ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဗျိုင်းဖြူကျေးရွာလည်း ပါဝင်သည်။
စစ်တွေမြို့သို့ အတင်းပြောင်းရွှေ့ခံရသည့် ကျေးရွာများထဲ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဗျိုင်းဖြူကျေးရွာလည်း ပါဝင်သည်။

DMG ၊ ဇူလိုင် ၃

စစ်ကောင်စီရုံးစိုက်ရာ ရခိုင်ပြည်၊ စစ်တွေမြို့အနီးရှိ ကျေးရွာ ၁၄ ရွာထက်မနည်းမှ ဒေသခံများကို စစ်ကောင်စီက ရွာလုံးကျွတ်နှင်ထုတ်ထားသည်မှာ ရက်ပေါင်း ၂၀ ခန့် ရှိလာခဲ့ပြီဖြစ်သည်။  

ရေချမ်းပြင်၊ ကြွီတဲ၊ အောင်ဒိုင်၊ ပလ္လင်ပြင်၊ ပျားလေချောင်း၊ မောင်နီပြင်၊ အမြင့်ကျွန်း စသည့်ကျေးရွာဒေသခံများကို စစ်တွေမြို့ပေါ်သို့ အတင်းပြောင်းရွှေ့ထား၍ စားဝတ်နေရေးအပြင် လုံခြုံရေးပိုင်းလည်း ခြိမ်းခြောက်ခံနေရသည်။ 

စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့မှုကြောင့် တခြားဒေသများမှတင်သွင်းသည့် ကုန်ပစ္စည်းများကို အမှီပြုနေရသည့် စစ်တွေမြို့တွင် ကုန်စည်ပြတ်လပ်ကာ ကုန်ဈေးနှုန်းမှာလည်း အဆမတန်မြင့်တက်လျက်ရှိသည်။ 

လက်ရှိတွင် ဆန်တစ်အိတ်ကို ငွေကျပ် ၃ သိန်းအထိမြင့်တက်နေ၍ အလုပ်အကိုင်မရှိ၊ ကူညီထောက်ပံ့မှု ကင်းမဲ့နေသည့် ကျေးရွာသားများမှာ စားဝတ်နေရေးကြပ်တည်းမှုကို ဆိုးရွားစွာ ကြုံတွေ့နေကြရသည်။ 

“ဈေးက တအားမြင့်တက်နေတော့ ဝယ်မစားနိုင်ဘူး။ ရွာမှာဆိုရင် ရှာကြံပြီးတော့ စားသောက်လို့ရသေးတယ်။ အခုက ပိုက်ဆံရှိမှပဲ အဆင်ပြေတယ်။ ဒီအတိုင်းဘယ် လောက်ကြာထိစားနိုင်မှာလဲ။ ကြာရင်ငတ်ဖို့ပဲရှိတယ်” ဟု ရွှေ့ပြောင်းခံရသူ အမျိုးသမီးတစ်ဦးက ပြောသည်။

အတင်းဖိအားပေး ရွှေ့ပြောင်းခံရသည့် ကျေးရွာသားများမှာ စစ်တွေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းနှင့် အသိမိတ်ဆွေ နေအိမ်များတွင် နေထိုင်ကြပြီး စစ်ကောင်စီက တစ်စုံတစ်ရာ တာဝန်ယူ ကူညီပေးမှုလည်း မရှိကြောင်း သိရသည်။ 

“မြို့မှာကျန်ရှိနေတဲ့သူတွေတောင် တစ်နေ့တာစားသောက်ဖို့ မနည်းရုန်းကန်နေကြတဲ့အချိန်မှာ ရွှေ့ပြောင်းလာသူ အတွက်တော့ ပိုအခက်အခဲရှိတယ်။ သူတို့ဘယ်လောက်ထိ တောင့်ခံနိုင်မှာလဲ” ဟု စစ်တွေမြို့တွင်နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။ 

စစ်တွေမြို့တွင် စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြပြီး မြို့ပေါ်ရပ်ကွက်များအတွင်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ကာ အရပ်သားများအား ဖမ်းဆီးမှုများကို ဆက်တိုင်းလုပ်ဆောင်နေသည်။
 
ဇွန်လ ၁၆ ရက်က မင်းဂံရပ်ကွက်မှ အသက်မပြည့်သေးသည့် ကလေးငယ်အပါဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ယင်းအထဲတွင် ရွှေ့ပြောင်းခံခဲ့ရသည့် ကျေးရွာသားများလည်း ပါဝင်သည်။

ယင်းအထဲမှအများစုကို ငွေညှစ်ကာ ပြန်လွှတ်ပေးခဲ့ပြီး ၄၀ ဦးထက်မနည်းကို အာရက္ခတပ်တော်(AA)နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ မတရားအသင်းဆက်သွယ်မှုဉပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားသည်။

“လုံခြုံမှု လုံးဝမရှိဘူး။ လှောင်အိမ်ထဲက ငှက်လိုဖြစ်နေရတယ်။ စစ်ကောင်စီက သူတို့ရွှေ့ပြောင်းခိုင်းတဲ့လူတွေကို တာဝန်မယူတဲ့အပြင် ဖမ်းဆီးထာတွေပါလုပ်ဆောင်နေတယ်” ဟု အောင်ဒိုင်ကျေးရွာသား တစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် ၎င်းတို့နှင်ထုတ်ထားသည့် ကျေးရွာများ၌ တပ်စွဲထားပြီး နေအိမ်များကို ဖောက်ထွင်းဖျက်ဆီးကာ ပစ္စည်းများကို ယူဆောင်နေကြောင်း မျက်မြင်ဒေသခံများက ပြောကြသည်။ 

အမြင့်ကျွန်းရွာသားတစ်ဦးက “စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်သင်တန်းဆင်း မွတ်ဆလင်တွေနဲ့ ပေါင်းပြီးတော့ အိမ်တွေကိုဖောက်တယ်။ အိမ်မှာကျန်ခဲ့တဲ့ ဆိုင်ကယ်တွေ၊ သေတ္တာတွေ၊ သုံးလို့ရသမျှပစ္စည်းတွေ အကုန်လုံးကို ခိုးယူနေကြပါတယ်။ သူတို့က ရွာမှာနေပြီးတော့ လုပ်ချင်သလို လုပ်နေကြတာ” ဟု ပြောသည်။

အမြင့်ကျွန်းဒေသခံများကို စစ်ကောင်စီက ဇွန်လ ၂၆ ရက်တွင် အတင်းရွှေ့ပြောင်းပြီးနောက် ကျေးရွာသား ၅၀ ခန့်ကိုလည်း ဖမ်းဆီးထားသည်။ ၎င်းတို့မှာ လက်ရှိအချိန်ထိ ပြန်လွတ်မလာသေးဘဲ အဆက်အသွယ်လည်း မရရှိသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။ 

ရခိုင်ပြည်မြောက်ပိုင်းရှိ မြို့နယ်အားလုံးနီးပါးကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက စစ်တွေမြို့ကို ခံစစ်အခိုင်အမာပြုလုပ်ကာ လုံခြုံရေးတိုးမြှင့်ပြီး အသွားအလာတင်းကျပ်ထား၍ စစ်တွေမြို့အတွင်း ရှိနေသူများမှာ အခြားနေရာများသို့ ထွက်ပြေးတိမ်းရှောင်ရန် အခက်အခဲရှိနေကြသည်။