မောင်တောမြို့နယ်တွင် ပြောင်းရွှေ့နေထိုင်နေသည့် မြိုတိုင်းရင်းသားများ ရေအခက်အခဲဖြစ်နေ

မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန်းတူကျေးရွာအနီးတွင် ရွှေ့ပြောင်းနေထိုင်နေကြသည့် မြိုတိုင်းရင်းသားလူဦးရေ ၄၀၀ ခန့်မှာ သောက်သုံးရေအခက်အခဲဖြစ်နေသည်ဟု နေထိုင်သူများထံမှသိရသည်။

22 Apr 2022

DMG ၊ ဧပြီ ၂၂

မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန်းတူကျေးရွာအနီးတွင် ရွှေ့ပြောင်းနေထိုင်နေကြသည့် မြိုတိုင်းရင်းသားလူဦးရေ ၄၀၀ ခန့်မှာ သောက်သုံးရေအခက်အခဲဖြစ်နေသည်ဟု နေထိုင်သူများထံမှသိရသည်။

သောက်သုံးရေရရှိရန် အဝီစိတွင်းလေးတွင်း တူးဖော်ထားသော်လည်း ဆားငံရေထွက်ပြီး သုံးစွဲရန်အဆင်မပြေခြင်းကြောင့် လက်ရှိမှာ ၄ ဖာလုံခန့်ဝေးသည့်တောင်ကျရေများကို ခပ်ယူသုံးစွဲနေရကြောင်းနှင့် တခါတရံ ကျောက်ပန်းတူကျေးရွာမှာ သုံးရေများကို ဖြစ်သလိုတောင်းခံ၍သုံးစွဲနေကြသည်ဟု ၎င်းတို့ကပြောဆိုကြသည်။

ကျောက်တော်မြို့နယ် ဂင်ပိကျေးရွာမှ ပြောင်းရွှေ့လာသည့် မြိုတိုင်းရင်းသား ဦးရွှေသန်းမောင်က “ကျနော်တို့မှာ သောက်သုံးရေက လုံးဝအဆင်မပြေဘူးဖြစ်နေပါတယ်။ ဒီကနေ ၄ ဖာလုံလောက်ဝေးတဲ့နေရာကို မနက်စောစောကထသွားပြီး အဲဒီမှာ တောင်ကျရေကို တစ်ရက်လုံးစောင့်ပြီးမှာ လီတာ(၂၀)ဆံ့တဲ့ အဝါဗူးနဲ့ ၂ ဗူးလောက်ရတယ်။ တခါတလေတစ်ဗူးပေါ့။ အဲဒါနဲ့တစ်ရက်တာ လုံလောက်အောက်သုံးစွဲရပါတယ်”ဟု ပြောသည်။

တောင်ကျရေမှာ သန့်ရှင်းမှုမရှိသည့်အတွက် ကလေးနှင့်လူကြီးများမှာ ဝမ်းရောဂါနှင့် ပူအိုက်သောကြောင့် ဖျားနာ၊ချောင်းဆိုး စသည့်နာမကျန်းခြင်းများ မကြာခဏဖြစ်ကြသည်ဟုလည်း ပြောင်းရွှေ့နေထိုင်နေသည့် မြိုတိုင်းရင်းသား ဦးမောင်လှကဆိုသည်။

“သောက်သုံးရေကမသန့်တော့ ဝမ်းရောဂါတွေဖြစ်ကြတယ်။ သောက်သုံးရေနဲ့ပတ်သက်လို့ ဘယ်သူမှလည်း အကူအညီပေးတာမရှိဘူး။ ဒီအတိုင်း ဘယ်သူမှမကူညီပဲ ဆက်ပြီးတော့ဖြစ်နေမယ်ဆိုရင်တော့ ကျနော်တို့မှာ ဒီနွေရာသီတစ်ခုလုံး ဒီရေပြဿနာဖြေရှင်းဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားလို့လည်းမရတော့ဘူး။ အနီးအနားမှာလည်း ကျောက်ပန်းတူရွာတစ်ရွာရှိတယ်။ အဲဒီရွာကလည်း အမြဲတမ်းရေခတ်လို့မရဘူး။ တခါတလေလောက်ပဲရပါတယ်”ဟု ဆိုသည်။

ယင်းနေရာတွင် ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်းမြို့နယ်တို့မှ မြိုတိုင်းရင်းသားအိမ်ထောင်စု ၁၆၀၊ လူဦးရေ ၈၆၇ ဦး နေထိုင်ကြမည်ဖြစ်ကာ လက်ရှိတွင် အိမ်ထောင်စု ၅၀ ကျော်၊ လူဦးရေ ၄၀၀ ခန့် စတင်နေထိုင်နေကြပြီဖြစ်သည်။

၎င်းတို့မှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှ ထိုနေရာသို့ စတင်ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ဓနိရှားပါးခြင်းကြောင့် နေအိမ်ဆောက်လုပ်ခြင်းများကိုရပ်တန့်ထားကာ တာပေါ်လိပ်စများကို အမိုးပြုလုပ်၍ နေထိုင်လျက်ရှိသည်ဟု ဦးလူဖြူကဆိုသည်။

“ဒီဖက်မှာက ဓနိကအရမ်းရှားတယ်။ အိမ်ထောင်စု ၅၀ ကျော်အတွက် ဓနိရှာမရဘူး။ တာပေါ်လိပ်တွေ အမိုးလုပ်ပြီးတော့နေနေရတယ်။ ရေလည်းလုံးဝအဆင်မပြေဘူး။ ကျနော်တို့ကို ရေရရှိအောင်ကူညီပေးစေချင်တယ်။ ဓနိရအောင်လည်း ကူညီပေးစေချင်တယ်။ မဟုတ်ရင်တော့ တာပေါ်လိပ်တွေနဲ့ နေနေရတော့မယ်”ဟု ဦးလူဖြူကပြောသည်။

အဆိုပါနေရာတွင် ပြည်နယ်စစ်ကောင်စီမှ နေရာချပေးထားခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် ၈၀ ပတ်လည် အိမ်ယာမြေတစ်ကွက်၊ နေအိမ်ဆောက်လုပ်ရန် ငွေကျပ်ငါးသိန်း၊ စားရေးသောက်ရေး

အဆင်ပြေရန် လူတစ်ဦးကိုယခုလအတွက် ဆန် ၆ ပြည်၊ လုပ်ကိုင်စားသောက်ရန် လယ်ဧက ၂ ဧကတို့ကို စစ်ကောင်စီမှကူညီပေးထားသည်ဟု နေထိုင်သူများထံမှသိရသည်။

မြိုတိုင်းရင်းသားတို့မှာ အလုပ်အကိုင်မရှိသည့်အတွက် ဝါးခုတ်၊ ထင်းခုတ်၊ သစ်ခုတ် စသည့်ကြုံရာကျပန်းအလုပ်တို့ကို လုပ်ကိုင်ကြသည်ဟုလည်း သိရသည်။

မြိုတိုင်းရင်းသားတို့ မူလနေထိုင်ခဲ့သည့်နေရာမှာ ဆက်သွယ်ရေးဖုန်းလိုင်းမရှိခြင်း၊ သွားလာရေးခက်ခဲခြင်းနှင့် အနီးအနားကျေးရွာများတွင်လည်း ဆေးပေးခန်းများမရှိသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင် များစွာအခက်အခဲရှိကြောင်း ပြောသည်။

ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အဆင်ပြေစေရန်နှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်လာစေရန် မြိုတိုင်းရင်းသားတို့မှာ မောင်တောမြို့နယ်သို့ ပြောင်းရွှေ့နေထိုင်လာကြခြင်းဖြစ်သည်။

မြိုတိုင်းရင်းသားများသည် ရခိုင်ပြည်နယ်အတွင်းမှ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် အဓိကနေထိုင်ကြပြီး လူဦးရေအားဖြင့် သောင်းဂဏန်းသာရှိကြောင်း သိရသည်။