- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မာန်အောင်မြို့နယ်တွင် ခွေးများ ရောဂါဖြစ်ပြီးသေဆုံးနေ
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းတွင် ခွေးအများအပြားရောဂါဖြစ်ပွားကာ သေဆုံးမှုများရှိနေသည်ဟု ဒေသခံများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူထံမှသိရသည်။
29 May 2022
DMG ၊ မေ ၂၉
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းတွင် ခွေးအများအပြားရောဂါဖြစ်ပွားကာ သေဆုံးမှုများရှိနေသည်ဟု ဒေသခံများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူထံမှသိရသည်။
ရောဂါဖြစ်ပွားသောခွေးများမှာ အစာမစားခြင်း၊ လမ်းမလျှောက်ခြင်း၊ အော်ခြင်းများဖြစ်ပြီး ၁၀ ရက်ခန့်အကြာတွင် သေဆုံးသွားကြသည်ဟုဒေသခံများကပြောသည်။
မာန်အောင်မြို့နယ်၊ မြတ်မချောင်းကျေးရွာမှ ကိုအောင်ကိုနိုင်က “ကျနော်တို့အိမ်နားက ခွေးတစ်ကောင်ဆို သေသွားပြီ။ ကျန်တဲ့ခွေးတွေလဲ ဖြစ်နေတယ်”ဟု DMG သို့ ပြောသည်။
လက်ရှိ မာန်အောင်မြို့နယ်အတွင်းတွင် ခွေးများဖြစ်ပွားနေသည့်ရောဂါမှာ မည်သည့်ရောဂါမှန်း မသိသေးသည့်အတွက် လူထံသို့ ကူးစက်မှုရှိလာမည်ကို ဒေသခံများကစိုးရိမ်နေကြသည်။
“အခုကရောဂါတွေ အမျိုးမျိုးဖြစ်နေတယ်ဆိုတော့ တိရိစ္ဆာန်ကနေ လူတွေဆီကိုပါ ကူးစက်မှာစိုးရိမ်ရတယ်။ ရွာတိုင်းလိုလိုမှာ အခုခွေးတွေက နေမကောင်းဖြစ်နေကြတယ်”ဟု မာန်အောင်မြို့နယ်မှ ဒေသခံ ဦးကျော်ဟန်က ပြောသည်။
မာန်အောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ ဦးသန်းဝင်းက လက်ရှိ မာန်အောင်မြို့နယ်အတွင်း ခွေးများရောဂါဖြစ်ပွားနေခြင်းမှာ ပြည်မဖက်မှယူလာသည့် အိမ်မွေးခွေးများထံမှ ကူးစက်ခြင်းဟု မှတ်ချက်ပြုသည်။
“ဖြစ်တာကတော့ ကုန်ခဲ့တဲ့လကတည်းကဖြစ်တာ။ အခုဖြစ်ပွားတာ နည်းသွားပြီ။ အဓိက ပြည်မဖက်ကလာတဲ့ ခွေးတွေဆီကနေတစ်ဆင့် ကူးစက်တာပေါ့။ ပြီးတော့သေတယ်ဆိုတာက ကာကွယ်ဆေးတွေမထိုးလို့ သေတာဖြစ်တယ်။ လူတွေကိုတော့ မကူးစက်နိုင်ဘူး”ဟု ဒေါက်တာ ဦးသန်းဝင်းကဆိုသည်။
ယခုကဲ့သို့ မာန်အောင်မြို့နယ်အတွင်း ခွေးများရောဂါဖြစ်ပွားကာ သေဆုံးနေမှုနှင့်ပတ်သက်ပြီး မည်သည့်ရောဂါကြောင့်ဖြစ်သည်ကို ဓာတ်ခွဲစစ်ဆေးရန် ပို့ဆောင်ထားပြီးဖြစ်သည်ဟုလည်း ၎င်းကဆက်ပြောသည်။