- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်က စစ်ဘေးရှောင်များ ပြည်ပထွက်ခွာမှုများလာ
ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်စခန်းအသီးသီးတွင် နေထိုင်နေကြသည့် စစ်ဘေးဒုက္ခသည်များမှာ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်အကျပ်အတည်းများကို ယခင်ထက်ပို၍ကြုံတွေ့လာရသည့်အတွက် ပြည်ပသို့ထွက်ခွာပြီး အလုပ်လုပ်ကိုင်သူ များပြားလာနေသည်ဟု စစ်ဘေးရှောင်များထံမှသိရသည်။
01 Aug 2022
DMG ၊ သြဂုတ် ၁
ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်စခန်းအသီးသီးတွင် နေထိုင်နေကြသည့် စစ်ဘေးဒုက္ခသည်များမှာ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်အကျပ်အတည်းများကို ယခင်ထက်ပို၍ကြုံတွေ့လာရသည့်အတွက် ပြည်ပသို့ထွက်ခွာပြီး အလုပ်လုပ်ကိုင်သူ များပြားလာနေသည်ဟု စစ်ဘေးရှောင်များထံမှသိရသည်။
ပြီးခဲ့သည့်နှစ်များက စစ်ဘေးဒုက္ခသည်အနည်းငယ်သာ ပြည်ပထွက်ခွာမှုရှိခဲ့သော်လည်း ယခု ၂၀၂၂ ခုနှစ်အတွင်း ထိုင်း၊ မလေး၊ စင်ကာပူ စသည့်ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ရန်သွားရာက်နေကြသည့် လူငယ်၊လူလတ်ပိုင်းအရွယ် စစ်ဘေးရှောင်အမျိုးသား၊အမျိုးသမီးများမှာ လစဉ်လတိုင်းရှိလာနေသည်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။
လက်ရှိတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးတင်မာနေမှုကြောင့် နေရပ်ပြန်နိုင်ရေးမှာလည်း မျှော်လင့်ချက်မရှိခြင်း၊ စားနပ်ရိက္ခာအကူအညီရရှိမှုမှာလည်း လျော့နည်းလာသည့်အတွက် ပြည်ပသို့ထွက်ခွာမှု တိုးလာနေခြင်းဖြစ်သည်ဟု ကျောက်တော်မြို့ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ ဦးသန်းလှိုင်က ပြောသည်။
“ဘာကြောင့်လဲဆိုရင် ဒီမှာနေတာက အဆင်မပြေလို့သွားတာဖြစ်တယ်။ ပြီးရင်အနာဂတ်လည်းပျောက်တယ်။ ကိုယ့်အိမ်ကိုလည်း မပြန်ရဘူး။ မျှော်လင့်ချက်လည်းမရှိဘူး။ အနာဂတ်လည်းပျောက်တယ်ဆိုတော့ အဲဒီလို ငွေရှာဖို့သွားတဲ့သူတွေ အများကြီးရှိတယ်”ဟု သူကပြောသည်။
အဆိုပါ ကဝိရတနာ စစ်ဘေးရှောင်စခန်းတစ်ခုတည်းမှ ယခုနှစ် ဇွန်လနှင့် ဇူလိုင်လတို့တွင် ပြည်ပသို့ထွက်ခွာပြီး အလုပ်လုပ်ကိုင်နေသည့် စစ်ဘေးရှောင်ဦးရေ(၁၀)ကျော်အထိရှိနေသည်။
အလားတူ ကျောက်တော်မြို့ မီးရထားဘူတာစစ်ဘေးရှောင်စခန်းမှလည်း ယခုနှစ်ဇွန်လနှင့် ဇူလိုင်လအတွင်း ပြည်ပသို့ထွက်ခွာသွားသည့် စစ်ဘေးဒုက္ခသည် ၄၀ ဦးခန့်အထိရှိလာနေသည်ဟု အဆိုပါစစ်ဘေးရှောင်စခန်းမှ အမည်မဖော်လိုသည့် စစ်ဘေးရှောင်တစ်ဦးကပြောသည်။
“ပြည်ပကိုသွားတော့ တချို့ဆိုရင် အောင်မြင်သွားကြတယ်။ တချို့ဆိုရင် အဖမ်းခံရပြီး ပြန်ရောက်လာတယ်။ ပြောရမယ်ဆိုရင် သား၊သမီးတွေရဲ့ ပညာရေး၊ ဆေးရုံဆေးခန်းတွေမှာလည်း အလကားရတာမှမဟုတ်တာ။ တခြားလူတွေလိုပဲ ပိုက်ဆံပေးရတယ်။ နောက်စားဝတ်နေရေးအတွက်ဆိုရင်လည်း မိုးလင်းတာနဲ့ လိုအပ်နေပြီ။ အစစအရာရာလိုအပ်နေတာပဲ။ ဆိုတော့ မထူးတော့ဘူးဆိုပြီး သွားကြတာဖြစ်တယ်”ဟု သူကဆိုသည်။
ယင်းအပြင် ရသေ့တောင်မြို့ ရွှေပါရမီစစ်ဘေးဒုက္ခသည်ကယ်ဆယ်ရေးစခန်းမှလည်း ယခုနှစ်အတွင်း ပြည်ပသို့ထွက်ခွာသွားသည့် စစ်ဘေးဒုက္ခသည် (၂၀)ကျော်ရှိလာပြီး လက်ရှိတွင်လည်း စားဝတ်နေရေးအတွက် လိုအပ်ချက်များစွာရှိနေကြောင်း မညှင်းတောင်ကျေးရွာမှ စစ်ဘေးရှောင် ဒေါ်လှလှဆန်းကပြောသည်။
“အဆင်မပြေလို့ သွားရတာဖြစ်တယ်။ ကိုယ့်ရွာမှာလည်း မနေရဘူး။ ဒီနေရာမှာ အလုပ်အကိုင်လည်းမရှိဘူး။ နောက်ဆိုရင် ဒီထက်ဒုက္ခရောက်လာတော့မယ်။ အခုလည်း စားရေးသောက်ရေး၊ အဝတ်အစားတွေကအစ လိုအပ်ချက်တွေအများကြီးရှိတယ်။အခုဆိုရင် ရွာကိုမရောက်ဖူးတာလည်း သုံးနှစ်လောက်ရှိပြီ”ဟု သူကဆိုသည်။
စားဝတ်နေရေးအပါအဝင် အခက်အခဲအမျိုးမျိုးကြောင့် ယခုနှစ်အတွင်းတွင် ဘူးသီးတောင်မြို့နယ်အတွင်းမှ စစ်ဘေးရှောင် (၆၀)ဦးခန့်အထိ ပြည်ပသို့ထွက်ခွာပြီး အလုပ်လုပ်ကိုင်ခြင်းများ ရှိလာနေသည်ဟု စစ်ဘေးရှောင်များကဆိုကြသည်။
ရခိုင်ပြည်အတွင်းရှိ မြို့နယ်အများစုမှ စစ်ဘေးဒုက္ခသည်များမှာ နေ့စဉ်နှင့်အမျှ ပြည်ပထွက်ခွာမှုရှိလာနေခြင်းမှာ စစ်ဘေးရှောင်စခန်းတွင် ရိက္ခာလုံလောက်မှုမရှိခြင်း၊ ကူညီထောက်ပံ့မှုများ နည်းလာခြင်းအပါအဝင် မိမိဒေသတွင် လုပ်ကိုင်စားသောက်ရန်အတွက် နယ်မြေလုံခြုံမှုမရှိသည့် အခြေအနေများကြောင့်ဖြစ်သည်ဟု ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဦးထွန်းဝင်းကဆိုသည်။
“ကျနော်မြင်တာက နှစ်ပိုင်းရှိမယ်။ တစ်ပိုင်းက သူတို့လူမှုစီးပွားအဆင်မပြေတာလည်းဖြစ်မယ်။ ဆိုလိုတာက စစ်ဘေးရှောင်တွေဟာ နေရပ်စွန့်ခွာပြီးလာကြတဲ့အတွက် သူတို့မှာ လက်ဆုပ်လက်ကိုင်ပြစရာ၊ ကျောထောက်နောက်ခံတွေ တစ်ခုမှမရှိလိုက်တော့ဘူးဆိုတဲ့ အခြေအနေတစ်ခုရှိမယ်။ အခုနောက်ပိုင်းမှာ လူမှု ထောက်ပံ့မှုတွေ၊ လူသားချင်းစာနာမှုအထောက်အပံ့တွေဟာ နည်းလာတယ်။ စခန်းတွေမှာ ရိက္ခာမလုံလောက်တာကို အမြဲကြားနေရတယ်။ ဆိုတော့ သူတို့လူမှုစီးပွားအခြေအနေတွေကြောင့် သွားတာဖြစ်တယ်”ဟု သူကဆိုသည်။
ဦးဦးထွန်းဝင်းက ဆက်လက်၍ “တစ်ချိန်တည်းမှာ ဒီဘက်မှာလည်း လုပ်ကိုင်စားသောက်ဖို့မရဘူး။ နယ်မြေလုံခြုံမှုမရှိတဲ့ အခြေအနေတွေကြုံလာတဲ့အတွက် သွားကြတာဖြစ်တယ်။ အခုက ရခိုင်ပြည်အနှံ့ မြို့နယ်တော်တော်များများမှာ နေ့စဉ်နဲ့အမျှ ပြည်ပ ထွက်ခွာမှုကတော့ ဆက်တိုက်ရှိနေတယ်”ဟု ၎င်းကပြောသည်။
လက်ရှိတွင်လည်း ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းအချို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ထောက်ပံ့မှုများမှာ ပုံမှန်မရှိသလို ထောက်ပံ့မှုမရရှိသည်မှာ နှစ်လနီးပါးကြာမြင့်လာပြီဖြစ်သည့်အတွက် အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်တွင် စစ်ဘေးဒုက္ခသည်ဦးရေ ၂ သိန်းကျော်ရှိခဲ့သည်။ ယင်းနောက် တိုက်ပွဲများငြိမ်သက်နေချိန်တွင် စစ်ဘေးရှောင်များမှာ နေရပ်ပြန်ကြသော်လည်း ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးဒုက္ခသည်ဦးရေ ခြောက်သောင်းကျော်အထိရှိနေသည်။
ရခိုင်ပြည်သည် တိုင်းနှင့်ပြည်နယ်များအနက် ဒုတိယအဆင်းရဲဆုံးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်တွင် ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ရခိုင်ဒေသခံတို့မှာ နိုင်ငံခြားသို့ထွက်ခွာနှုန်း မြင့်တက်လျက်ရှိနေသည်။