ဓနိဖူးခြောက်ထုတ်လုပ်သူများ အရှုံးနှင့်ရင်ဆိုင်နေရ

ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဓနိဖူးခြောက်ထုတ်လုပ်သူများမှာ အရှုံးနှင့်ရင်ဆိုင်နေရသည်ဟု ဓနိဖူးခြောက်ထုတ်လုပ်သူများထံမှ သိရသည်။

19 Apr 2022

DMG ၊ ဧပြီ ၁၉

ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဓနိဖူးခြောက်ထုတ်လုပ်သူများမှာ အရှုံးနှင့်ရင်ဆိုင်နေရသည်ဟု ဓနိဖူးခြောက်ထုတ်လုပ်သူများထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဓနိဖူးခြောက်ထုတ်လုပ်သူများအနေဖြင့် ထုတ်လုပ်မှုကုန်ကျငွေနှင့် ရောင်းချငွေမကိုက်သည့်အတွက် အရှုံးဖက်ကိုဦးတည်နေပြီး ဈေးကွက်အတွင်း သုံးစွဲသူနည်းပါးနေခြင်းကြောင့်လည်း အဆင်မပြေဖြစ်နေရသည်ဟု စစ်တွေမြို့မှ လေးဝတီဓနိဖူးခြောက်ထုတ်လုပ်သူ မနွယ်နွယ်အေးကပြောသည်။

"ဝယ်ရတဲ့အိတ်ခွန်ဈေးတွေက တစ်အားမြင့်နေတော့ ကျမတို့ရောင်းချရတဲ့အခါ အဆင်မပြေဘူး။ ဈေးကိုလဲ တင်ရောင်းလို့မရဘူး။ လောလောဆယ်ကလဲ သုံးစွဲသူတွေကနည်းတယ်။ အရှုံးနှင့်ဘဲ ရပ်တည်နေရတဲ့သဘောမှာရှိတယ်။ ဓနိဖူးတွေကိုလဲ မဝယ်ရဘဲ ရပ်နားထားရတယ်"ဟု ၎င်းကဆိုသည်။

ဓနိဖူးခြောက် ၁၀၀ ဂရမ်တစ်ထုတ်လျှင် လက်ရှိရောင်းဈေး ၃၅၀၀ ကျပ်ရှိပြီး ပစ္စည်းအများဝယ်ယူပါက ၁၀၀ ဂရမ်တစ်ထုတ်လျှင် ၂၀၀၀ ကျပ်နှုန်းထားဖြင့်ရောင်းချပေးအပ်နေကြောင်း သိရသည်။

ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေပါက ဓနိဖူးခြောက်ကို ဈေးတင်ရောင်းချရမည့်အနေအထား ဖြစ်နေသု်ဟုလည်း မနွယ်နွယ်အေးကပြောသည်။

ရခိုင်ပြည်နယ် ကမ်းရိုးတန်းတစ်လျှောက်တွင် ဓနိခင်းအများအပြားရှိပြီး ဓနိဖူးခြောက်အား သုံးစွဲသူများပြားလာပါက ဓနိစိုက်တောင်သူများအနေဖြင့်လဲ တစ်ဖက်တစ်လမ်းမှဝင်ငွေရရှိမည်ဖြစ်ကြောင်း မာန်အောင်မြို့နယ်မှ ဓနိခင်းပိုင်ရှင်တစ်ဦးဖြစ်သည့် ဦးထွန်းမင်းကပြောသည်။

"အရင်တစ်နှစ်က ဓနိဖူးတစ်ဖူးကို ၅၀၀ နဲ့ တစ်ခေါက်ဝယ်ယူခဲ့တယ်။ ကျနော့်မှာလဲ ၅ သိန်းဝန်ကျင်ဖိုးလောက်ရောင်းလိုက်ရတော့ တစ်ဖက်တစ်လမ်းကအဆင်ပြေတယ်။ ဒီနှစ်မဝယ်ကြတော့ဘူးဆိုတော့ ကျနော်တို့အနေဖြင့်လဲ ဝင်ငွေမရတော့ဘူး။ ဒီဓနိဖူးခြောက်က ကျန်းမာရေးအတွက်လဲကောင်းတော့ သောက်သုံးဖို့သင့်တယ်။ ကုမ္ပဏီတွေအနေနဲ့လဲ အဆက်မပြတ်ဝယ်ယူရင် ကျနော်တို့ အဆင်ပြေတယ်"ဟု ၎င်းကဆိုသည်။

ဓနိဖူးခြောက်လုပ်ငန်းကို ရခိုင်ပြည်နယ်အတွင်း ၂၀၂၀ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ကြပြီး ဆီးချို၊ သွေးတိုးရောဂါများအတွက် အဆိုပါဓနိဖူးခြောက်ကို ရေနွေးတွင်ထည့်၍သောက်သုံးကြသည်။