ကိုဗစ်တတိယလှိုင်းအတွင်း မသန်စွမ်းသူများအတွက် စားဝတ်နေရေးနှင့် ဆေးဝါးများအခက်အခဲရှိနေ

လက်ရှိဖြစ်ပွားနေသည့် Covid-19 တတိယလှိုင်းအတွင်း ရခိုင်ပြည်အတွင်းရှိ မသန်စွမ်းသူများအတွက် စားဝတ်နေရေးနှင့် ဆေးဝါးများ အခက်အခဲရှိနေသည်ဟု ရခိုင်ပြည်မသန်စွမ်းသူများအဖွဲ့မှ သိရသည်။

17 Aug 2021

DMG ၊ သြဂုတ် ၁၇

လက်ရှိဖြစ်ပွားနေသည့် Covid-19 တတိယလှိုင်းအတွင်း ရခိုင်ပြည်အတွင်းရှိ မသန်စွမ်းသူများအတွက် စားဝတ်နေရေးနှင့် ဆေးဝါးများ အခက်အခဲရှိနေသည်ဟု ရခိုင်ပြည်မသန်စွမ်းသူများအဖွဲ့မှ သိရသည်။

မသန်စွမ်းသူများမှာ အလုပ်အကိုင်မရှိဘဲ ကိုယ်ပိုင်ဝင်ငွေလည်းမရှိသောကြောင့် လက်ရှိတွင်စားဝတ်နေရေးအခက်အခဲဖြစ်နေရသည်ဟု ရခိုင်ပြည်နယ်မသန်စွမ်းသူများအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့်က DMG ကိုပြောသည်။

“မသန်စွမ်းသူတွေမှာ မိမိကိုယ်ပိုင်ဝင်ငွေမရှိတဲ့အတွက် မိသားစု၊ ဆွေမျိုး၊ အသိုင်းအဝိုင်းကိုမှီခိုနေရတယ်။ ဒါပေမဲ့ကိုယ်မှီခိုနေတဲ့ မိသားစုအသိုင်းအဝိုင်းကိုယ်တိုင်ကလည်း ကျနော်တို့ကိုထောက်ပံ့ပေးမဲ့အရာတွေက လက်ရှိကိုဗစ်အခက်အခဲကြောင့် အခက်အခဲတွေအများကြီးရှိကြတယ်။ ဒါကြောင့်ကျနော်တို့ မသန်စွမ်းတွေမှာ ခဲခဲယဉ်းယဉ်းနဲ့နေထိုင်စားသောက်နေရပါတယ်”ဟု ဦးလှမြင့်ကပြောသည်။

ပြီးခဲ့သည့် ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် INGO၊NGO အဖွဲ့အစည်းများက မသန်စွမ်းသူများကို လက်လှမ်းမှီသလောက် ထောက်ပံ့ပေးမှုများရှိခဲ့သော်လည်း လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်တတိလှိုင်းတွင် မည်သည့်အဖွဲ့အစည်းကမျှ ထောက်ပံ့ကူညီမှုများမရှိကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့မှုများကြောင့်လည်း စစ်ဘေးစခန်းများတွင်တိမ်းရှောင်နေကြရသည့် မသန်စွမ်းဦးရေ ၂၀၀၀ ကျော်ရှိကြောင်း ရခိုင်ပြည်နယ်မသန်စွမ်းသူများအဖွဲ့မှ သိရသည်။

လက်ရှိတွင် မသန်စွမ်းသူများမှာ စားဝတ်နေရေးအခက်အခဲအပြင် ကိုဗစ်ကာကွယ်နိုင်ရန်နှင့် ဆေးဝါးများရရှိနိုင်ရေးတို့မှာ အခက်အခဲရှိနေကြောင်း ဦးလှမြင့်ကပြောသည်။

“စစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့ မသန်စွမ်းသူတွေကို လူမှုအဖွဲ့အစည်းတွေက ကူညီထောက်ပံ့ပေးခြင်းတွေရှိခဲ့တယ်။ အဲဒီလိုရှိခဲ့တယ်လို့ဆိုရပေမဲ့လည်း သူတို့ကအိမ်ထောင်စုအလိုက်ပေးတာတွေရှိတာပါ။ မသန်စွမ်းဆိုပြီးတော့ သီးခြားပေးတာတွေက နည်းပါးပါတယ်။ မရှိသလောက်ပါပဲ။ နောက်ပြီးတော့ စစ်ဘေးရှောင်စခန်းမှာရှိတဲ့ မသန်စွမ်းသူတွေနဲ့ ပြင်ပမှာရှိတဲ့မသန်စွမ်းသူတွေအတွက်ပါ လက်ရှိမှာ ကိုဗစ်ကာကွယ်ရေးပစ္စည်း အစုံလိုအပ်နေပါတယ်”ဟု ၎င်းကဆိုသည်။

ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ရန်အတွက် မသန်စွမ်းသူများမှာ ဆေးထိုးမည့်နေရာကို သွားရန်အခက်အခဲများရှိပြီး ကာကွယ်ဆေးထိုးနှံသည့်အဖွဲ့အစည်းများက အိမ်တိုင်လာရောက်ထိုးပေးစေလိုသည်ဟုလည်း မသန်စွမ်းသူများပြောကြားချက်အရ သိရသည်။

၂၀၁၉ ခုနှစ်တွင် အလုပ်အသမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၅၉၆၈၉၈၆ ဦးရှိပြီး ယင်းအထဲမှ အမြင်အာရုံမသန်စွမ်းသူ ၂၉၀၅၅၉၀ ဦးနှင့် အကြားအာရုံမသန်စွမ်းသူ ၁၀၉၂၈၂၄ ဦးရှိကြောင်း သိရသည်။

ယင်းစာရင်းအရ ရခိုင်ပြည်တွင်မသန်စွမ်းသူစုစုပေါင်း ၅၀၅၅၀၃ ဦးရှိပြီး အမြင်အာရုံမသန်စွမ်းသူ ၂၀၇၀၁၂ ဦးနှင့် အကြားအာရုံမသန်စွမ်းသူ ၁၁၀၂၆၄ ဦးရေအထိရှိကြောင်း သိရသည်။