- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် အပန်းဖြေစရာများစွာပါရှိမည့် Entertainment Beach City တစ်ခု ဖော်ဆောင်နေ
ရခိုင်ပြည်နယ်တွင် အပန်းဖြေစရာများစွာပါရှိမည့် Entertainment Beach City တစ်ခုကို ဖော်ဆောင်လျက်ရှိကြောင်း အဆိုပါစီမံကိန်းကိုဖော်ဆောင်နေသည့် မင်းထီးကုမ္ပဏီ တာဝန်ရှိသူထံမှသိရသည်။
30 Dec 2021
DMG ၊ ဒီဇင်ဘာ ၃၀
ရခိုင်ပြည်နယ်တွင် အပန်းဖြေစရာများစွာပါရှိမည့် Entertainment Beach City တစ်ခုကို ဖော်ဆောင်လျက်ရှိကြောင်း အဆိုပါစီမံကိန်းကိုဖော်ဆောင်နေသည့် မင်းထီးကုမ္ပဏီ တာဝန်ရှိသူထံမှသိရသည်။
မင်းထီးစီမံကိန်းဟုအမည်ပေးထားသော ၎င်းစီမံကိန်းကို ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကျီးကန်းရဲကျေးရွာအုပ်စု၊ မြာဝကျေးရွာနှင့် အထဲပြင်ကျေးရွာအကြားတွင် ဖော်ဆောင်နေခြင်းဖြစ်သည်။
စီမံကိန်းတည်နေရာမှာ သံတွဲမြို့နှင့်မိုင် ၂၀ ခန့်အကွာတွင်တည်ရှိကြောင်း မင်းထီးကုမ္ပဏီပိုင်ရှင် ဦးအောင်မင်းက ပြောသည်။
“မြန်မာနိုင်ငံမှာ မရှိသေးတဲ့ပုံစံကိုလုပ်ဖို့လုပ်ဖို့ ရည်ရွယ်ထားတယ်။ လက်ရှိက Beach တွေမှာ ဟိုတယ်တွေပဲ လှိမ့်ဆောက်နေကြတာများတယ်။ ကျွန်တော်တို့အခုလုပ်မယ့်စီမံကိန်းမှာ ဒါတွေကို ပြောင်းပြန်လှန်ပစ်မှာပါ။ ကျွန်တော်တို့ဆီမှာ Public Area အများအပြားကိုထည့်သွင်းသွားမှာပါ”ဟု ဦးအောင်မင်းက DMG သို့ပြောသည်။
စီမံကိန်းဧရိယာမှာ ဧက ၁၆၀ ခန့်ရှိပြီး မြန်မာငွေကျပ်သိန်းပေါင်း နှစ်သောင်းကျော်အကုန်ကျခံတည်ဆောက်သွားမည်ဖြစ်ကြောင်း မင်းထီးကုမ္ပဏီမှ သိရသည်။
လက်ရှိတွင် စီမံကိန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကာ လာမည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ဖွင့်လှစ်နိုင်ရန်ရည်ရွယ်ထားကြောင်းလည်း သိရသည်။
ယခုဖော်ဆောင်နေသည့် Entertainment Beach City တွင် တောင်တက်လမ်းများ၊ ရေချိုးခန်းများ၊ ရေကူးကန်များ၊ ဈေးဆိုင်ခန်းများ၊ ကလေးကစားကွင်းများ၊ ချောင်းတွင်း အပျော်စီးလှေလှော်ခြင်းများ၊ ကျင်ပွဲရုံများနှင့် တည်းခိုနားနေဆောင်များ ပါဝင်မည်ဖြစ်ကြောင်း ဦးအောင်မင်းကပြောသည်။
“လှေစီးချင်တဲ့သူတွေအနေနဲ့လည်း လှေစီးလို့ရမယ်။ နောက်ပြီး ရိုးရာကျင်ပွဲတွေနဲ့ဖျော်ဖြေဖို့အတွက် ဒေသခံတွေကို ကျင်သင်တန်းတွေပေးမယ်။ ပြီးတော့ သူတို့နဲ့ကျင်ပွဲတွေစီစဉ်ပြီး ဖျော်ဖြေတာတွေလုပ်မယ်။ ပြီးတော့ ကချင်တဲ့သူတွေအတွက်လည်း ကလပ်တွေ၊ ဘားတွေစီစဉ်ထားဖို့ရှိမယ်”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ကမ်းခြေပတ်လမ်းများဖောက်လုပ်ခြင်း၊ တောင်တက်လမ်းများဖောက်လုပ်ခြင်း၊ မြေနေရာများကိုမြေဖို့ခြင်း၊ အပင် ၇၀၀၀ ခန့်စိုက်ပျိုးခြင်းနှင့် လိုအပ်သည်များကိုဆောင်ရွက်လျှက်ရှိကြောင်း စီမံကိန်းဆိုက်တာဝန်ခံ ကိုထူးမြတ်ထံမှ သိရသည်။
အဆိုပါစီမံကိန်းသာပြီးမြောက်ပြီး တင်ပြထားသည့်အတိုင်း အမှန်တကယ်ဝန်ဆောင်မှုပေးနိုင်ပါက ရခိုင်ပြည်နယ်၏ခရီးသွားလုပ်ငန်းမှာ ပိုမိုတိုးတက်လာနိုင်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်ကပြောသည်။
“ပုံမှန်အတိုင်းဆိုရင်တော့ ဒီစီမံကိန်းကြီးပြီးသွားခဲ့ရင် ရခိုင်ရဲ့ခရီးသွားလုပ်ငန်းကတော့ တိုးတက်လာနိုင်တယ်လို့ပြောလို့တော့ ရတယ်။ ဒါပေမယ့် လက်ရှိမှာလည်း ကိုဗစ်ကဖြစ်နေသေးတော့ ဒီအခြေအနေပေါ်မှာလည်းထည့်ထွက်ဖို့လိုမယ်”ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်အတွင်းတွင် ဒေသမတည်ငြိမ်မှုအပြင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားခြင်းတို့ကြောင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်းက ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုမှာ ၂၀၁၉ ခုနှစ်ထက် ၂၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၏စာရင်းအရ သိရသည်။