အရှေ့တီမော (Timor-leste) နိုင်ငံတွင် ကျင်းပခဲ့သည့် “The Dili Dialogue Forum 2022” တွင် အာဏာသိမ်း စစ်ကောင်စီ၏ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအား ကိုယ်စားပြုတက်ရောက်ခွင့် ပေးခဲ့သည့်အပေါ် လွတ်လပ်သော မြန်မာမီဒီယာအဖွဲ့အစည်းများက ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်

အရှေ့တီမော (Timor-leste) နိုင်ငံတွင် ကျင်းပခဲ့သည့် “The Dili Dialogue Forum 2022” တွင် အာဏာသိမ်း စစ်ကောင်စီ၏ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအား ကိုယ်စားပြုတက်ရောက်ခွင့် ပေးခဲ့သည့်အပေါ်  လွတ်လပ်သော မြန်မာမီဒီယာအဖွဲ့အစည်းများက ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်

10 Sep 2022

စက်တင်ဘာ ၁၀ | DMG

၁။ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့တွင် အရှေ့တီမောနိုင်ငံတွင် မီဒီယာ စိန်ခေါ်မှုများခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် “The Dili Dialogue Forum 2022” တွင် ဝန်ကြီးဟောင်း၊ ရေတပ်ဗိုလ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဟောင်း ဦးစိုးသိန်း၏သားဖြစ်သူ ဦးအေးချမ်းက အာဏာသိမ်းစစ်ကောင်စီ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ (Myanmar Press Council) အဖွဲ့ဝင်အဖြစ် တက်ရောက်စာတမ်းဖတ်ကြားခဲ့သည်။

ထိုသို့ဖတ်ကြားရာတွင် ဦးအေးချမ်းက မြန်မာနိုင်ငံ၏ မီဒီယာစိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် ပြောကြားခဲ့ပြီး စစ်အာဏာသိမ်းမှုသည် တရားဝင် ဖြစ်ပြီး၊ လက်ရှိလွတ်လပ်သော မြန်မာမီဒီယာများ၏ သတင်းတင်ဆက်မှုများသည် သတင်းတု၊ သတင်းအမှားများ ဖြစ်ကာ တိုင်းပြည်အခြေအနေ ပိုမိုဆိုးဝါးလာအောင် ပြုလုပ်နေကြောင်း မဟုတ်တန်းတရား အချက်အလက်များကို ကိုးကား၍ ပြောဆိုသွားခဲ့သည်။ ထိုစာတမ်းသည် မြန်မာနိုင်ငံရှိ လွတ်လပ်သော သတင်းမီဒီယာများ၏ ရပ်တည် နေရသည့် အခြေအနေနှင့် သတင်းလွတ်လပ်ခွင့် အခြေအနေများကို တစ်လုံးတစ်ပါဒမျှ ဖော်ပြခြင်းမရှိဘဲ စစ်ကောင်စီအာဘော် မမှန်ကန်သည့် ဝါဒဖြန့် သတင်းစကားများကိုသာ ဖြန့်ဝေခဲ့ကြောင်း တွေ့ရှိရသည်။

၂။ ဦးအေးချမ်း၏ ပြောကြားချက်တွင် ချန်ရစ်ထားခဲ့သည့်  အချက်တစ်ခုမှာ အများသဘောဖြင့် ရွေးကောက် တင်မြှောက်ထားသော အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းထားခဲ့သည့်  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ အဖွဲ့ဝင်  ၂၃ ဦး သည်  စစ်ကောင်စီနှင့် မပူးပေါင်း မဆောင်ရွက်လိုကြသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ပြိုင်နက်တည်း နုတ်ထွက်ခဲ့ကြသည် ဆိုခြင်းဖြစ်သည်။  ထိုကဲ့သို့ နုတ်ထွက်သွားမှုသည် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အနေဖြင့် ၎င်းတာဝန်ယူဆောင်ရွက်ရမည့် သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ခြင်း၊ မီဒီယာကျင့်ဝတ်စံနှုန်းများကို ထိန်းကျောင်းခြင်းနှင့် လုပ်ဖော်ကိုင်ဘက် သတင်းသမားများကို ကာကွယ်စောင့်ရှောက်ခြင်းဆိုသည့် တာဝန်များကို မလုပ်ဆောင်နိုင်တော့ကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။

၃။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု စတင်ခဲ့သည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ယနေ့အထိ ဖမ်းဆီးခံရသည့် သတင်းထောက်ပေါင်း ၁၄၀ ကျော်ရှိကာ ၎င်းတို့ထဲမှ ၅၇ ဦးသည် ယခုအချိန်ထိ ထိန်းသိမ်းခံထား ရဆဲဖြစ်သည်။ လွတ်လပ်သည့် မီဒီယာအဖွဲ့အစည်း ၁၁ ဖွဲ့၏ လုပ်ငန်းလိုင်စင်များ ရုပ်သိမ်းခံထားရသည်။ အာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင်များ၏ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ် ဖိနှိပ်မှုများကြောင့် ယနေ့အထိ သတင်းသမား လေးဦး သေဆုံးခဲ့ပြီး ဖြစ်သည်။ ၎င်းတို့အနက် အလွတ်တန်း ဓါတ်ပုံသတင်းထောက်တစ်ဦးမှာ စစ်ကြောရေးတွင် သေဆုံးခဲ့ပြီး ချင်းပြည်နယ်အခြေစိုက် တိုင်းရင်းသား သတင်း‌ထောက်တစ်ဦးမှာ အခြားသော အရပ်သားများ နှင့်အတူ ဖမ်းဆီးခံရစဉ် သေဆုံးခဲ့ရခြင်းဖြစ်သည်။

၄။ လက်ရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်နှင့် တိုင်း ဒေသကြီးများရှိ တိကျမှန်ကန် ခိုင်လုံပြည့်စုံသော မြေပြင်သတင်းအချက်အလက်များနှင့် ပြည်သူလူထု ရင်ဆိုင် ကြုံတွေ့နေရသည့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများကို မျက်ကွယ်ပြုထားပြီး အရှေ့တီမော နိုင်ငံ မီဒီယာဖိုရမ်တွင် မြန်မာနိုင်ငံ၏ မီဒီယာစိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် တင်ပြခဲ့ခြင်းမှာ စစ်ကောင်စီ၏ နိုင်ငံတကာ မီဒီယာသို့ သတင်းမှားများကို ဖြန့်ဝေခြင်းသာဖြစ်သည်ဟု ထောက်ပြလိုပါသည်။

၅။ အာဏာသိမ်းစစ်ကောင်စီသည် မြန်မာနိုင်ငံ၏ လွတ်လပ်သည့် သတင်းမီဒီယာ အဖွဲ့များနှင့် သတင်းစာဆရာ၊ ဆရာမများကို နည်းအမျိုးမျိုးဖြင့် ဖိနှိပ်ချုပ်ချယ်နေပြီး သတင်းသမားများ၏ လွတ်လပ်စွာ သတင်းရယူတင်ဆက် ပိုင်ခွင့်ကို စွက်ဖက်ကာ မြန်မာပြည်သူ တစ်ရပ်လုံး၏ သတင်းစာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်တို့ကို ပြောင်ပြောင်တင်းတင်း စွက်ဖက်ကန့်သတ်မှုများ ပြုလုပ်နေသည်။

၆။ ထိုကဲ့သို့ သတင်းလွတ်လပ်ခွင့်ကို အကြီးအကျယ်ဖိနှိပ်နေသော အာဏာသိမ်းစစ်အစိုးရ၏ သတင်းလောကကို ကိုယ်စားမပြုသည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို အရှေ့တီမောနိုင်ငံက ကျင်းပသော မီဒီယာဖိုရမ်တွင် ကိုယ်စားပြုခွင့်ပေးပြီး စာတမ်းတင်ပြခွင့်ပေးခဲ့မှုကို မြန်မာနိုင်ငံ၏ လွတ်လပ်သော မီဒီယာအဖွဲ့အစည်းများက ပြင်းထန်စွာ ရှုံ့ချလိုက်သည်။

၇။ ဒေသတွင်းနှင့် နိုင်ငံတကာမီဒီယာ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရများအနေဖြင့် ယခုကဲ့သို့ အာဏာသိမ်း စစ်ကောင်စီ သြဇာခံထားပြီး သတင်းအမှားများ၊ လုပ်ကြံသတင်းများနှင့် အမုန်းစကားများ ဖြန့်ဝေနေသည့် တရားမဝင်သော မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို နေရာပေးဖိတ်ကြားခြင်းကို ပြင်းထန်စွာ ရှုံ့ချလိုက်သည်။

၈။ မြန်မာနိုင်ငံ၏ လွတ်လပ်သော မီဒီယာအဖွဲ့အစည်းများအနေဖြင့် မြန်မာစစ်အာဏာသိမ်းကောင်စီက ဖြန့်ဝေ လျှက်ရှိသော သတင်းအမှားနှင့် လုပ်ကြံသတင်းများကို တိုက်ဖျက်ရန်အတွက် အရှေ့တောင်အာရှနိုင်ငံများ၏ သတင်း မီဒီယာကောင်စီများနှင့် ပူးပေါင်းလုပ်ဆောင်လိုပြီး ထိုအတွက်လည်း အထောက်အပံ့ပေးရန် တောင်းဆို လိုက်သည်။

၉။ လွတ်လပ်သော မြန်မာသတင်းမီဒီယာအဖွဲ့များ၏ မီဒီယာလွတ်လပ်မှု၊ ဒီမိုကရေစီနှင့် မြန်မာနိုင်ငံ၏ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းနေမှုတို့ကို အခြားနိုင်ငံများမှ လွတ်လပ်သော မီဒီယာ အဖွဲ့အစည်း များ၊ သတင်းထောက်များနှင့် မီဒီယာကောင်စီများက တညီတညွတ်တည်း ထောက်ပံ့ရပ်တည်ပေးရန်လည်း တောင်းဆိုလိုက်သည်။