- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ အခက်အခဲဖြစ်
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီဈေးနှုန်းများမှာ အဆမတန်မြင့်တက်လာမှုကြောင့် ခရီးသွားဝန်ဆောင်မှုပေးနေသည့်လုပ်ငန်းများမှာ အခက်အခဲများစွာနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
03 Mar 2022
DMG ၊ မတ်လ ၃
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီဈေးနှုန်းများမှာ အဆမတန်မြင့်တက်လာမှုကြောင့် ခရီးသွားဝန်ဆောင်မှုပေးနေသည့်လုပ်ငန်းများမှာ အခက်အခဲများစွာနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
ရခိုင်တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဓာတ်ဆီတစ်လီတာလျှင် (၁၇၀၀)ကျပ်၊ အောက်တိန်း(92)တစ်လီတာလျှင် (၁၈၅၀)ကျပ်၊ ပရီမီယံတစ်လီတာလျှင် (၁၈၃၀)ကျပ်၊ ဒီဇယ်တစ်လီတာလျှင် (၁၈၁၅)ကျပ် ဈေးနှုန်းရှိခဲ့သည်။
ယနေ့ မတ်လ ၃ ရက်တွင် အောက်တိန်း 92 တစ်လီတာလျှင် (၁၉၀၀)ကျပ်၊ ဓာတ်ဆီတစ်လီတာလျှင် (၁၈၀၀)ကျပ်၊ ပရီမီယံတစ်လီတာလျှင် (၁၉၀၀)ကျပ်၊ ဒီဇယ်တစ်လီတာလျှင် (၁၈၈၀)ကျပ်အထိဈေးနှုန်းရှိကြောင်း စစ်တွေမြို့"ထူး"စက်သုံးဆီအရောင်းဆိုင်ထံမှ သိရသည်။
ယင်းသို့ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် အဝေးပြေးကုန်ကားတချို့ရပ်နားမှုများရှိခဲ့ကာ တချို့ကုန်ပစ္စည်းများကိုလည်း ဈေးတင်၍သယ်ယူနေရကြောင်း ရန်ကုန်-မန္တလေး-စစ်တွေသို့ ကုန်ပို့နေသည့် ယာဉ်မောင်းများထံမှ သိရသည်။
“ကားခဈေးနှုန်းနဲ့မကိုက်လို့ တစ်ချို့ကားဆရာတွေက ရပ်ထားကြတယ်။ ကုန်သည်တွေဘက်ကကြည့်ပြန်ရင်လည်း အရင်တုန်းက ၁ ပိသာကို ၁၀၀ ဆိုလို့ရှိရင် ဆီဈေးတက်လာလို့ ၁ ပိသာကို ၁၁၀၊ ၁၂၀ ကျပ်ဖြစ်သွားတယ်။ တက်လာတော့ အိတ်(၁၀၀)ဝယ်မယ့်လူက အိတ်(၅၀)ပဲဝယ်တော့မယ်။ ဒါကြောင့် ကုန်စည် စီးဆင်းမှု နှောင့်နှေးကြန့်ကြာသွားတာပေါ့။ အရင်တုန်းက တစ်နေ့ကားတစ်စီးထွက်တယ်။ အခုက(၃)ရက်မှ တစ်စီးထွက်နေရတယ်”ဟု မန္တလေး-စစ်တွေပြေးဆွဲနေသော အမည်မဖော်လိုသည့် အဝေးပြေးယာဉ်မောင်းတစ်ဦးက DMG ကိုပြောသည်။
ထို့အတူ စက်သုံးဆီဈေးနှုန်းများ တဖြည်းဖြည်းမြင့်မားလာခြင်းကြောင့် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးသို့ပြေးဆွဲနေသည့် ခရီးသည်တင်ကားတချို့မှာလည်း ရပ်တန့်ရမည့်အနေအထားရှိကြောင်း စစ်တွေမြို့ခံ Hi-Jet ယာဉ်မောင်း ကိုအောင်ကြည်မိုးက DMG ကိုပြောသည်။
“ဆီခဈေးနှုန်းများတက်လာတာနဲ့အမျှ ဒုက္ခကောင်းကောင်းရောက်တယ်။ အရင်ဆို ခရီးတိုပဲဖြစ်ဖြစ် ခရီးဝေးပဲဖြစ်ဖြစ် သုံးသောင်း၊ လေးသောင်းကျပ်နဲ့သွားနိုင်တယ်။ အခုကမသွားနိုင်တော့ဘူး။ ဆီဆိုင်တွေက ဆီချိန်တွယ်မှုတွေမပြည့်တဲ့အတွက်ကြောင့် ဝယ်ယူတဲ့လူတွေက အဓိကခံစားရတယ်။ ဒီလိုဈေးတက်နေပုံ မျိုးနဲ့ဆိုရင် ကားတွေတောင် ရပ်တန့်ထားနိုင်တဲ့အခြေအနေေ တွဖြစ်လာနိုင်ပါတယ်”ဟု ကိုအောင်ကြည်မိုးကပြောသည်။
အလားတူ ဆီဈေးမြင့်တက်လာမှုကြောင့် ရခိုင်ပြည်တွင်း ပြေးဆွဲနေသည့် ပုဂ္ဂလိကရေယာဉ်လုပ်ငန်းရှင်တို့မှာလည်း အဆင်မပြေဖြစ်နေကြောင်း ရွှေပြည်တန်အမြန်ရေယာဉ် မန်နေဂျာ ဦးစံမော်သိန်းက DMG ကိုပြောသည်။
“ဆီဈေးတက်ရင်တော့ အဆင်မပြေဘူးပေါ့။ ဒါပေမယ့် ဝန်ထမ်းတွေအဆင်ပြေစေရေး ဦးစားပေးပီးလုပ်နေရတယ်။ အမြတ်အစွန်းပိုနည်းလာတယ်။ အားလုံးအခက်အခဲကျနေတဲ့အချိန်မှာ ကျွန်တော်တို့က ဈေးနှုန်းတင်ဖို့လည်းမဖြစ်နိုင်။ အဲဒီကရတဲ့ အမြတ်အစွန်းကို သိပ်မစဉ်းစားနိုင်တော့ဘူး။ ကိုယ့်ဝန်ထမ်းတွေကို လုပ်ငန်းရှင်တွေနဲ့ ပြေပြေလည်လည်ဖြစ်ဖို့ပဲ ဦးစားပေးနေရတယ်”ဟု ဦးစံမော်သိန်းက ရှင်းပြသည်။
စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေရခြင်းမှာ ကမ္ဘာ့စက်သုံးဆီများ ဈေးနှုန်းမြင့်တက်နေမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသို့ တင်သွင်းသည့် ဈေးနှုန်းများအပေါ်မူတည်ကာ အဆင့်ဆင့်သယ်ယူပို့ဆောင်ရေးစရိတ်နှုန်းထားများ မြင့်မားမှုကြောင့်ဖြစ်သည်ဟု ရခိုင်ပြည်နယ် စက်သုံးဆီဖြန့်ဖြူးရောင်းချရေးအသင်း တာဝန်ရှိသူထံမှ သိရသည်။
“ကျွန်တော်တို့စက်သုံးဆီက နိုင်ငံခြားကတင်သွင်းရတဲ့ စက်သုံးဆီဖြစ်တဲ့အတွက် နိုင်ငံခြားမှာဖြစ်ပေါ်နေတဲ့ ဈေးနှုန်းနဲ့ မြန်မာနိုင်ငံကိုတင်သွင်းလို့ ရောက်ရှိဈေးနှုန်းပေါ်မူတည်ပြီး ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှာ မြန်မာတစ်နိုင်ငံလုံးကို ဆီတာမီနန်တွေကနေပြီးတော့ လက်လီလက်ကားဈေးနှုန်းတွေနဲ့ ရောင်းချလျက်ရှိနေ ကြပါတယ်”ဟု ရခိုင် စက်သုံးဆီဖြန့်ဖြူးရောင်းချရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ထိုက်က DMG ကိုပြောသည်။
တစ်ဖန် သယ်ယူပို့ဆောင်စရိတ်နှင့် လျှပ်စစ်မီတာခများ ရင်းနှီးမြုပ်နှံမှုစရိတ်များကြောင့် ငွေ ၇၀ ကျပ်၊ ၈၀ ကျပ်နှုန်းခန့် တိုးပေါင်းပြီးရောင်းချနေရကြောင်းလည်း ၎င်းကဆက်ပြောသည်။
“ကျွန်တော်တို့ကဝယ်ပြီးတော့ စစ်တွေကို ဆီဘောက်ဆာကားနဲ့ သယ်လာတယ်။ ကားခက ၁ လီတာကို ၁၂၀ ပေါင်းတယ်။ ဆိုလိုတဲ့သဘောတရားက ရန်ကုန်မြို့ တာမီနန်မှာ လက်ကားဈေးက ၁၆၁၀ နဲ့ဝယ်ရင် စစ်တွေရောက်လို့ရှိရင် တစ်ခုမှမပါပဲနဲ့ကို ၁၇၃၀ ကျပြီ။ ဆိုင်တစ်ဆိုင်မှာ ဝန်ထမ်းစရိတ်၊ ရင်းနှီးမြုပ်နှံမှုစရိတ်၊ လျှပ်စစ်မီတာခ၊ အထွေထွေစရိတ်တွေနဲ့ ပေါင်းလိုက်ရင် ၁ လီတာပေါ်မှာ ကျန်တော်တို့ကအနည်းဆုံး ငွေ ၇၀ ကျပ်၊ ၈၀ ကျပ်လောက်ပေါင်းပြီးတော့ရောင်းရပါတယ်”ဟု ဦးအောင်ထိုက်က ဆက်လက်ရှင်းပြသည်။
ယင်းသို့စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် ဒေသအတွင်း ခရီးသွားစရိတ်များလည်း မြင့်တက်လာနေပြီး ယခင်က ကျောက်တော်-စစ်တွေ ခရီးသည်တစ်ဦးလျှင် ၇၀၀၀ ကျပ်ရှိရာကနေ လက်ရှိတွင် ၁၀၀၀၀ ကျပ်အထိရှိနေကြောင်း ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။
“အခုကတော့ ကျောက်တော်-စစ်တွေကားခကတော့ ၁၀၀၀၀ ကျပ်ဖြစ်နေပြီ။ အရင်တုန်းကဆိုရင် ၇၀၀၀ ပဲရှိတာ။ ခရီးသည်တွေကတော့ ကျန်းမာရေးကိစ္စပဲဖြစ်ဖြစ်၊ လူမှုရေးကိစ္စဖြစ်ဖြစ်သွားရတာ ဈေးတက်သွားတော့အဆင်မပြေဘူးပေါ့။ အခုလို စီးပွားရေးကျပ်တည်းနေတဲ့ကာလမှာ ပိုက်ဆံ ၃၀၀၀ ပိုသွားတာလည်း အခက်အခဲဖြစ်စေတယ်ပေါ့ဗျာ”ဟု ကျောက်တော်မြို့မှ ကိုကျော်မြတ်စိုးက ပြောသည်။
အလားတူ စစ်တွေမှ ရသေ့တောင်သို့ ယခင်ခရီးစရိတ်လူတစ်ဦးလျှင် ငွေကျပ် ၅၀၀၀ ကနေ ယခုတွင် ၈၀၀၀ ကျပ်ထိရှိနေပြီး တခြားမြောက်ဦး၊ မင်းပြားစသည့်ခရီးစဉ်တို့တွင်လည်း ကားခနှုန်းထားများ မြင့်တက်လျှက်ရှိကြောင်း သိရသည်။