တောင်ကုတ်တွင် ငွေစက္ကူအတု လက်ဝယ်တွေ့ရှိသူသုံးဦးကိုဖမ်းဆီး

တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာအနီးတွင် ဇူလိုင်လ ၁၂ ရက်၊ နံနက် ၁၀ နာရီခန့်က ငွေအတုများ လှဲလှယ်နေကြောင်းသတင်းရသဖြင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်စုံစမ်းခဲ့ရာ ငွေစက္ကူအတုများနှင့်အတူ တရားခံသုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ ရခိုင်နေ့စဉ်သတင်းဌာနက ဖော်ပြသည်။

13 Jul 2022

ငွေစက္ကူအတုများနှင့်အတူ ဖမ်းဆီးရမိသူ သုံးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-ရခိုင်နေ့စဉ်

DMG ၊ ဇူလိုင် ၁၃

တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာအနီးတွင် ဇူလိုင်လ ၁၂ ရက်၊ နံနက် ၁၀ နာရီခန့်က ငွေအတုများ လှဲလှယ်နေကြောင်းသတင်းရသဖြင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်စုံစမ်းခဲ့ရာ ငွေစက္ကူအတုများနှင့်အတူ တရားခံသုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ ရခိုင်နေ့စဉ်သတင်းဌာနက ဖော်ပြသည်။

တောင်ကုတ်မြို့နယ်၊ လိပ်ကုန်းဘောင်ကျေးရွာမှ ကိုသန့်ဇင်ထွန်း (၂၁)နှစ်ထံမှ တစ်သောင်းကျပ်တန် ၁၀၅ ရွက်၊ ပဒါကျေးရွာမှ ဒေါ်မာမာဝင်းနှင့် မခင်သီတာလွင်တို့ထံမှ တစ်သောင်းကျပ်တန် ၂၂၉ ရွက်သိမ်းဆည်းကာ ဖမ်းဆီးခဲ့ခြင်းဟု ဖော်ပြထားသည်။

ငွေစက္ကူအတုများနှင့် ပထမဆုံးဖမ်းဆီးရမိသူ ကိုသန့်ဇင်ထွန်းအား စစ်ဆေးချက်အရ ၎င်းငွေစက္ကူအတုများအား မက်ဆင်ဂျာမှတစ်ဆင့်ဆက်သွယ်၍ ပဒါကျေးရွာနေ ဒေါ်မာမာဝင်း၊ မခင်သီတာလွင်တို့နှင့်အတူ ရန်ကုန်မြို့သို့သွားရောက်ကာ ငွေစက္ကူအစစ် ၁၇ သိန်းပေး၍ ငွေစက္ကူအတုတစ်သောင်းကျပ်တန် ၅၃၀၀,၀၀၀ ဝယ်ယူခဲ့ခြင်းဟု ပေါ်ပေါက်သည်။ ပြန်လာစဉ်တွင်လည်း လမ်းခရီးတစ်လျှောက်၌ ငွေစက္ကူအတုများဖြင့် ဈေးဝယ်သုံးစွဲမှုများလည်းရှိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိသည့် ငွေစက္ကူအတုများ၌ လေဆာကြိုးအရောင်မှာ ပြောင်းလဲခြင်းမရှိဘဲ သာမန်မိတ္တူကူးစက္ကူအမျိုးအစားဖြစ်ကာ ငွေစက္ကူအစစ်ထက် အလျား ၁ မီလီမီတာရှည်ပြီး အနံ ၁ မီလီမီတာတိုနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သတင်းတွင်ဖော်ပြထားသည်။

ယင်းသို့ဖမ်းဆီးရမိသူသုံးဦးကို တောင်ကုတ်မြို့မရဲစခန်းတွင် မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေပုဒ်မ- ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့်ဇွန်လ ၂၁ ရက်နေ့ကလည်း စစ်တွေမြို့ရှိ ဧရာဝတီဘဏ်တွင် ငွေလာသွင်းသူတစ်ဦးထံမှ တစ်သောင်းတန်ငွေစက္ကူအတု သုံးသိန်းငါးသောင်းကျပ်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ ဖမ်းဆီးရမိသူများမှာ ဈေးရောင်းချနေသူတစ်ဦးဖြစ်ကာ အမှတ်(၁)ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။