လယ်သမားများအနေဖြင့် ဓာတ်မြေသြဇာများကို ဈေးနှုန်းသက်သာစွာဖြင့် မြို့နယ်စိုက်ပျိုးရေးရုံးများနှင့် ချိတ်ဆက်ဝယ်ယူနိုင်

ရခိုင်ပြည်အတွင်းက သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ဂွမြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်ရှိ လယ်သမားများအတွက် ဓာတ်မြေသြဇာများကို ဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရန် ပြည်နယ်စစ်ကောင်စီက မြို့နယ်စိုက်ပျိုးရေးရုံးများသို့ ဓာတ်မြေသြဇာများချပေးထားကြောင်း သိရသည်။

23 Apr 2022

DMG ၊ ဧပြီ ၂၃

ရခိုင်ပြည်အတွင်းက သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ဂွမြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်ရှိ လယ်သမားများအတွက် ဓာတ်မြေသြဇာများကို ဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရန် ပြည်နယ်စစ်ကောင်စီက မြို့နယ်စိုက်ပျိုးရေးရုံးများသို့ ဓာတ်မြေသြဇာများချပေးထားကြောင်း သိရသည်။

ယင်းမြို့နယ်များရှိလယ်သမားများအတွက် ဓာတ်မြေသြဇာ အိတ် ၆၀၀၀ ချပေးထားကာ သက်ဆိုင်ရာမြို့နယ်စိုက်ပျိုးရေးရုံးများကို ချိတ်ဆက်ပြီး တစ်အိတ်လျှင်ငွေကျပ်သုံးသောင်းကျော်ဖြင့် ဝယ်ယူနိုင်ကြောင်း ရခိုင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှသိင်္ဂီက DMG သို့ပြောသည်။

“လက်ရှိမှာတော့ မြို့နယ် ၅ မြို့နယ်မှာ မြေဆီဓာတ်မြေသြဇာ(အဖြူ) အိတ် ၆၀၀၀ ကို အစိုးရကချပေးထားတယ်။ တကယ်လို့ လယ်သမားတွေဝယ်ယူချင်တယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်အလိုက် စိုက်ပျိုးရေးဌာနနဲ့ချိတ်ဆက်ပြီးတော့ ဝယ်နိုင်ပါတယ်။ ကျန်မြို့နယ်တွေကျတော့ စက်ရုံပိတ်ထားတဲ့အတွက် မထုတ်ပေးနိုင်သေးဘူး”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဓာတ်မြေသြဇာဈေးမြင့်တက်မှုကြောင့် လယ်ဧကငါးသောင်းကျော်အထိ စိုက်ပျိုးမှုလျှော့ကျသွားပြီး အစိုးရက ဓာတ်မြေသြဇာများကို မြို့နယ်တိုင်းတွင် ဈေးနှုန်းသက်သာစွာဖြင့်ချပေးသင့်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံကပြောသည်။

“မြေဆီတွေက ဒီလောက်ဈေးတက်နေတော့ လယ်လုပ်သူတွေ ဒီနှစ်လည်း လျှော့သွားနိုင်တယ်။ မြို့နယ် ၅ မြို့နယ်က လယ်သမားတွေအတွက်မဟုတ်ဘဲ တစ်ပြည်နယ်လုံးချပေးရင်တော့ကောင်းတာပါ”ဟု ၎င်းကဆိုသည်။

လက်ရှိဓာတ်မြေသြဇာများ ချပေးထားသည်ကို မသိသေးကြောင်း မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာမှ လယ်သမား ကိုဦးစိုးသိန်းကပြောသည်။

“အစိုးရက အဲဒီလိုဓာတ်မြေသြဇာချပေးထားတာကို ကျွန်တော်တို့အနေနဲ့ မသိသေးဘူး၊ ကြားလည်း မကြားမိသေးဘူး။ အဲဒီလိုရရင်တော့ကောင်းတာပေါ့။ အဲဒီလိုရမယ်ဆိုရင်တော့ စိုက်ပျိုးရေးရုံးကိုသွားပြီးတော့ စုံစမ်းသွားမှာပါ။ အခုတော့ မသိသေးဘူး”ဟု ၎င်းကဆိုသည်။

လက်ရှိဓာတ်မြေသြဇာဈေးနှုန်းများမှာ တစ်အိတ်ကို ငွေကျပ် ၉ သောင်းကျော်အထိရှိနေသည့်အပြင် ဆီဈေးမှာလည်း မြင့်တက်နေသည့်အတွက် လယ်သမားများအနေဖြင့် စပါးစိုက်ပျိုးရန်အခက်အခဲများရှိနေကာ ပုံမှန်ထက် လယ်ဧကများကိုလျှော့၍ စပါးစိုက်ပျိုးနေရကြောင်း လယ်သမားများကပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြေဆီမြေသြဇာဈေး၊ ရွှေဈေး၊ ဒေါ်လာဈေးနှင့် ကုန်ဈေးနှုန်းများမှာ အဆမတန်မြင့်တက်နေမှုကြောင့် တောင်သူလယ်သမားများနှင့်ပြည်သူများမှာ စားဝတ်နေရေး အခက်အခဲများရှိနေကြသည်။