- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တွေမှ မိန်းကလေးငယ်သေဆုံးမှု ကျူးလွန်သူကို ပြည်သူသိအောင်ပြစ်ဒဏ်ချမှတ်ပေးရန် မိသားစုဝင်များတောင်းဆို
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အစိုးရရုံးအနီးတွင် ဓားထိုးဒဏ်ရာများနှင့်သေဆုံးသွားခဲ့ရသည့် မိန်းကလေးငယ်အမှုမှ ကျူးလွန်သူကို ပြည်သူလူထုသိမြင်အောင် ပြစ်ဒဏ်ချမှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုလိုက်သည်။
01 Sep 2022
DMG ၊ စက်တင်ဘာ ၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အစိုးရရုံးအနီးတွင် ဓားထိုးဒဏ်ရာများနှင့်သေဆုံးသွားခဲ့ရသည့် မိန်းကလေးငယ်အမှုမှ ကျူးလွန်သူကို ပြည်သူလူထုသိမြင်အောင် ပြစ်ဒဏ်ချမှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုလိုက်သည်။
ကျူးလွန်သူတရားခံ အစစ်အမှန်ကို ပြည်သူအားလုံးသိအောင် ချပြပေးစေချင်သည်ဟု သေဆုံးသူမိန်းကလေးငယ်၏ မိသားစုဝင်တစ်ဦးက DMG သို့ပြောသည်။
“ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာတွေကို ကျနော်တို့မိသားစုတွေကလည်း ကြေကွဲရပါတယ်။ ဘဝပျက်သွားသလိုခံစားရတယ်။ ဒါကြောင့် မိစ္ဆာဒိဌိတွေကို ပြည်သူလူထုတွေရှေ့မှောက်မှာ တစ်ခါတည်း ပြစ်ဒဏ်ကိုချပေးစေချင်တယ်လို့ ကျနော့်အနေနဲ့တောင်းဆိုချင်ပါတယ်”ဟု အဆိုပါ မိသားစုဝင်ကပြောသည်။
သြဂုတ်လ ၁၅ ရက်နေ့က စစ်တွေမြို့၊ အစိုးရရုံးအနီးရှိ အရောင်းဆိုင်တစ်ဆိုင်တွင် အရောင်းဝန်ထမ်းအဖြစ်လုပ်ကိုင်နေသည့် မိန်းကလေးငယ်မှာ ဓားထိုးသွင်းဒဏ်ရာနှစ်ချက်၊ မျက်နှာနှင့် မေးစေ့တို့တွင် ညိုမဲစွဲဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြသည်။
အသတ်ခံရပြီးသေဆုံးသွားသည့် မိန်းကလေးငယ်အမှုတွင် ကျူးလွန်သူတရားခံကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က သြဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုထုတ်ပြန်ချက်မှာ ကျူးလွန်သူမည်သူဆိုသည်ကို တိတိကျကျဖော်ပြမထားသည့်အတွက် ပြည်သူလူထု မျှော်လင့်ချက်က အားရစရာမရှိဟု ရခိုင်အမျိုးသမီးကွန်ရက်မှ အတွင်းရေးမှူး မစောမြသန္တာက ပြောသည်။
“နောက်တစ်ချက်က ခုတ်ရာတစ်ခြား ချရာတလွဲဖြစ်သွားမှာကိုလည်း စိုးရိမ်ရတယ်။ ဒီကလေးမ သေဆုံးမှုနဲ့ပတ်သက်လို့ တရားခံအစစ်အမှန်ကိုပဲ ပြစ်ဒဏ်ကျခံစေချင်တယ်။ ဒါတွေဟာ ဘယ်သူကဘာဖြစ်လို့ရယ် ဘာဖြစ်တာကြောင့်ရယ်၊ ဆက်နွယ်မှုတွေကြောင့်ရယ် ပြစ်ဒဏ်ခံလိုက်ရတဲ့အဖြစ်မျိုးကိုလည်း မဖြစ်စေချင်ဘူး။ တရားခံအစစ်အမှန်ကိုပဲ ပြစ်ဒဏ်ကျခံစေချင်တယ်”ဟု မစောမြသန္တာကပြောသည်။
စစ်တွေမြို့မှ သေဆုံးသွားသည့်မိန်းလေးငယ်ကို ကျူးလွန်သတ်ဖြတ်သူတရားခံက ၎င်းကိုယ်တိုင်ကျူးလွန်ကြောင်း ဝန်ခံထားသည်ဟု ရက္ခိုင့်တပ်တော်(ULA/AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
“အခုက တရားခံဘက်က ဘယ်လိုပြစ်မှုကို ကျူးလွန်ပြီဆိုတာ ဝန်ခံထားပြီးဖြစ်တယ်။ နောက်ပိုင်းမှာ နာမည်ကို လူသိချင်ကြားထုတ်ပြောဖို့ရှိပါမယ်။ လက်ရှိမှာ စစ်ဆေးရေးက အပြီးမပြတ်သေးလို့ပါ”ဟု ဦးခိုင်သုခက DMG သို့ပြောသည်။
မိန်ကလေးငယ်သေဆုံးမှုတွင် ကျူးလွန်သူတစ်ယောက်တည်း လုပ်ကြံသတ်ဖြတ်သွားခြင်းမျိုးမဟုတ်ဘဲ နောက်ဆက်တွဲ ဆက်စပ်သူများလည်းရှိနိုင်သေးကြောင်း မိသားစုဝင်များမှ သံသယရှိနေကြသည်။
ထိုသို့ကျူးလွန်သူနှင့်အတူ ဆက်စပ်တရားခံများရှိ၊မရှိကို ဆက်လက်စုံစမ်းစစ်ဆေးသနေကြောင်း ဦးခိုင်သုခက ပြောဆိုသည်။
စစ်တွေမြို့မှ သေဆုံးသွားသည့်မိန်းကလေးကို သားမယားပြုကျင့်ရန် ကြံစည်မှုအတွင်း လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အမှုကိုကျူးလွန်သူမှာ ဆိုင်ပိုင်ရှင်နှင့်နီးစပ်သူတစ်ဦးဖြစ်သည်ဟု ULA နှင့်နီးစပ်သူတစ်ဦးက DMG ကိုပြောကြားထားသည်။
ကျူးလွန်သူတရားခံကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း ULA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။