လှေနစ်မြုပ်၍ ပျောက်ဆုံးနေသူ ၃ ဦးအနက် အမျိုးသမီးနှစ်ဦး၏ အလောင်းကိုရှာတွေ့

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်ပူးကျေးရွာမှ မျှစ်သွားခူး၍ပြန်လာစဉ် သြဂုတ်လ ၁၆ ရက်နေ့က လှေနစ်မြုပ်ကာပျောက်ဆုံးနေသူ ၃ ဦးအနက် အမျိုးသမီး ၂ ဦး၏ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းက ရှာဖွေတွေ့ရှိခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

18 Aug 2021

ဓါတ်ပုံ - ပိုးရွှီပြင် မဟာမိတ် လူမှုကူညီရေးအသင်း

DMG ၊ သြဂုတ် ၁၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်ပူးကျေးရွာမှ မျှစ်သွားခူး၍ပြန်လာစဉ် သြဂုတ်လ ၁၆ ရက်နေ့က လှေနစ်မြုပ်ကာပျောက်ဆုံးနေသူ ၃ ဦးအနက် အမျိုးသမီး ၂ ဦး၏ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းက ရှာဖွေတွေ့ရှိခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ပျောက်ဆုံးနေသည့် ဒေါ်ဦးဆန်းရီ(၄၂)နှစ်၏ ရုပ်အလောင်းကို ခနောင်းကြီးကျေးရွာအနီးတွင်တွေ့ရှိခဲ့ပြီး မဖြူဖြူသန်း (၂၃)နှစ်၏ ရုပ်အလောင်းကို ရင်းဒါးကျေးရွာအနီး မြစ်ကမ်းဘေးတွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု ကန်ပူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းတင်အောင်ကပြောသည်။

"၈ နာရီဝန်းကျင်လောက်က ခနောင်းကြီးကျေးရွာအနီးက မြစ်ကမ်းမှာ တစ်ယောက်တွေ့တယ်။ ၁၁ နာရီကျော်လောက်က ရင်းဒါးကျေးရွာအနီးက တစ်လောင်းတွေ့တယ်။ ယောက်ျားအလောင်းကို ဆက်ပြီးတော့ရှာနေဆဲပါ" ဟု ဆိုသည်။

ရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်းနှစ်လောင်းကို ယနေ့သဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကန်ပူးကျေးရွာမှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးခုနှစ်ဦးတို့မှာ မျှစ်ခူးရာမှပြန်လာစဉ် သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် မိုးမှောက်ကျသဖြင့် စေတီပြင်တံတားအနီး တောဖျားချောင်းတံတားတိုင်ကို စက်လှေဖြင့်ဝင်တိုက်မိသဖြင့် အမျိုးသမီး ၁ ဦးသေဆုံးကာ ၃ ဦးပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

လက်ရှိမှာ ပျောက်ဆုံးနေသည့်အမျိုးသားကိုလည်း ကျေးရွာအနီးအနားရှိဒေသခံများမှ ဆက်လက်ရှာဖွေနေကြောင်း သိရသည်။