ဂွမြို့နယ်တွင် ဒဏ်ရာများဖြင့်လဲကျနေသူ တစ်ဦးနှင့် သေဆုံးနေသူတစ်ဦးတို့ကို တွေ့ရှိ

ဂွမြို့နယ်၊ ရှားဖြူကွင်းကျေးရွာအနီး ကားလမ်းပေါ်တွင် ဒဏ်ရာများဖြင့်သေဆုံးနေသော အမျိုးသမီးတစ်ဦးအလောင်းနှင့် ဒဏ်ရာများဖြင့်လဲကျနေသော အမျိုးသမီးတစ်ဦးတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

02 Aug 2022

သေဆုံးသွားသည့် အမျိုးသမီးငယ်ကို ဆေးရုံသို့သယ်ဆောင်လာစဉ်။ ဓာတ်ပုံ-ပေးပို့

DMG ၊ သြဂုတ် ၂

ဂွမြို့နယ်၊ ရှားဖြူကွင်းကျေးရွာအနီး ကားလမ်းပေါ်တွင် ဒဏ်ရာများဖြင့်သေဆုံးနေသော အမျိုးသမီးတစ်ဦးအလောင်းနှင့် ဒဏ်ရာများဖြင့်လဲကျနေသော အမျိုးသမီးတစ်ဦးတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁ ရက်နေ့ ညနေပိုင်းက ကားလမ်းပေါ်တွင် အမျိုးသမီးနှစ်ဦး ဒဏ်ရာများဖြင့်လဲကျနေသဖြင့် ဆေးရုံသို့ပို့ဆောင်ရန်  ဂွမြို့နယ်ရဲစခန်းမှ အကူအညီတောင်းခံသောကြောင့် သွားရောက်ယူဆောင်ရာတွင် တစ်ဦးမှာသေဆုံးလျက်ရှိပြီး ကျန်တစ်ဦးမှာဒဏ်ရာရရှိထားသည်ကိုတွေ့ရသည်ဟု ကင်းရုံးလူငယ်ပရဟိတအသင်းမှ ကိုဖိုးချစ်ကပြောသည်။

“အမျိုးသမီးနှစ်ဦး လဲကျနေတာကို ဆေးရုံသို့ပို့ဆောင်ဖို့အတွက် ရဲစခန်းက အကူအညီတောင်းလာလို့ ကျနော်တို့သွားသယ်ပြီး ဆေးရုံပို့ပေးခဲ့ကြတယ်။ အမျိုးသမီး ၂ ယောက်မှာ တစ်ယောက်ကတော့ ခေါင်းပွင့်ပြီးသေနေတယ်။ နောက်တစ်ယောက်ကတော့ ခြေထောက်ကျိုးနေတယ်။ ပြီးတော့ ခေါင်းလည်းကွဲနေတယ်"ဟု သူကဆိုသည်။

လက်ရှိ ဆေးရုံတင်ထားသောအမျိုးသမီးမှာ သတိလစ်နေပြီး ဂွမြို့နယ်ပြည်သူ့ဆေးရုံရှိ အထူးကြပ်မတ်ဆောင်တွင် ဆေးကုသမှု ခံယူနေရသည်။ သေဆုံးသွားသောအမျိုးသမီးမှာ အသက် ၁၃ နှစ်အရွယ်ဖြစ်ပြီး သတိလစ်နေသည့် အမျိုးသမီးမှာ အသက် ၂၀ ခန့်အရွယ်ဖြစ်ကာ မွတ်ဆလင်အမျိုးသမီးများဟုယူဆရကြောင်း ‌ဒေသခံများကဆိုသည်။

၎င်းတို့သည် ကားပေါ်မှ ပြုတ်ကျကျန်လိုက်ကာ သေဆုံး၊ဒဏ်ရာရရှိသွားခြင်းဖြစ်နိုင်ကြောင်း ဂွမြို့နယ်ကင်းရုံးလူငယ်ပရဟိတအသင်းမှ ကိုဖိုးချစ်က‌ပြောသည်။

အဆိုပါ သေဆုံးမှုကိစ္စနှင့်ပတ်သက်ပြီး ဂွမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် ဂွမြို့နယ် ရဲစခန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိပါ။