- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာလိုသည့် မွတ်ဆလင် ၁၉ ဦး ဂွမြို့နယ်တွင် ဖမ်းဆီးခံရ
ဂွမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာအနီး တောတွင်းတွင် စက်တင်ဘာလ ၂ ရက်နေ့၊ ညနေ ၁၁ နာရီအချိန်ခန့်က မွတ်ဆလင် ၁၉ ဦး ဖမ်းဆီးခံလိုက်ရကြောင်း မြို့နယ်ရဲစခန်းမှသိရသည်။
03 Sep 2022
DMG ၊ စက်တင်ဘာ ၃
ဂွမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာအနီး တောတွင်းတွင် စက်တင်ဘာလ ၂ ရက်နေ့၊ ညနေ ၁၁ နာရီအချိန်ခန့်က မွတ်ဆလင် ၁၉ ဦး ဖမ်းဆီးခံလိုက်ရကြောင်း မြို့နယ်ရဲစခန်းမှသိရသည်။
ဖမ်းဆီးခံရသည့်မွတ်ဆလင်များမှာ မြောက်ဦး၊ ကျောက်တော်၊ စစ်တွေမြို့နယ်များမှဖြစ်ကြပြီး ရန်ကုန်သွားရောက်ကြမည့်သူများဟု ဂွမြို့နယ်ရဲစခန်းမှ ရဲအုပ် ဇော်ဇော်ဦးက ပြောသည်။
"အဲဒီကားက အမ်းဖက်ကလာကြတာ။ အဲဒီဆယ်မိုင်ဝင်ပေါက်နားကိုရောက်တဲ့အခါ ကားပေါ်ကလူတွေ အသက်ရှူကြပ်လို့ ခဏနားနေတာထင်တယ်။ အဲဒီအချိန်မှာ အဲဒီကားကိုမသင်္ခါတဲ့ အတွက်စစ်ဆေးတဲ့အခါ ကားပေါ်မှာတင်ထားတဲ့ အထုပ်တွေအောက်က မွတ်ဆလင်တွေကိုတွေ့တယ်။ အဲဒီတွေ့တဲ့လူတွေ ကိုစစ်ဆေးကြည့်တဲ့အခါ နောက်လူတွေပါသေးတယ်ဆိုလို့ လိုက်ရှာကြည့်တော့ အဲဒီနားက တောထဲမှပုန်းနေသူတွေကိုလည်း ထပ်တွေ့ခဲ့တယ်"ဟု သူကဆိုသည်။
ဖမ်းဆီးခံရသူများမှာ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၉ ဦးဖြစ်သည်။ ၎င်းတို့ကိုစစ်ဆေးချက်အရ ပွဲစားဆိုသူမှ တစ်ဦးလျှင်ပို့ဆောင်ခ ရန်ကုန်မြို့သို့ ၃၅ သိန်းကျပ်၊ မလေးရှားနိုင်ငံသို့ ၇၅ သိန်းကျပ်ဖြင့် ပို့ဆောင်ပေးမည်ဆိုသောကြောင့် လက်ခံသဘောတူ၍ ပွဲစားစီစဉ်ပေးသည့်အတိုင်း လိုက်လာခြင်းဟု ထွက်ဆိုကြသည်။
၎င်းတို့သည် အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာအနီးရှိ တောင်ကြောပေါ်၌ ရွက်ဖျက်တဲများဖြင့် ခေတ္တနေထိုင်ခဲ့ရပြီး မော်တော်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာလာစဉ် ယာဉ်မောင်းမှ အနီးရှိ တော/တောင်များအတွင်း ခေတ္တပုန်းခိုနေရန်ပြောကြားသဖြင့် ပုန်းခိုနေခြင်းဖြစ်သည်ဟု ပြည်နယ်စစ်ကောင်စီ၏ သတင်းများကို ထုတ်ပြန်နေသည့် ရခိုင်နေ့စဉ် လူမှုကွန်ရက်စာမျက်နှာတွင် ရေးထားသည်။
အဆိုပါမွတ်ဆလင်များကို ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၆၇၊ ရာဇသတ်ကြီဥပဒေပုဒ်မ- ၁၁၄ အရအမှုဖွင့်ကာ အရေးယူဆောင်ရွက်ထားသလို လဝကအက်ဥပဒေအရပါ အရေးယူဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ရဲစခန်းမှသိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့ကလည်း ဂွမြို့နယ်(၂၅)မိုင်အနီး တောအတွင်းမှာ မွတ်ဆလင်(၂၂)ဦးဖမ်းဆီးခံခဲ့ရပြီး လဝကအက်ဥပဒေအရ အရေးယူခံထားရသည်။ ထို့ပြင် ရန်ကုန်သို့ သွားရောက်ရန်ကြိုးပမ်းနေသည့် မောင်တောမြို့နယ်မှ မွတ်ဆလင်(၅၃)ဦးလည်း သံတွဲမြို့နယ်အတွင်းတွင် သြဂုတ်လ ၂၃ ရက်နေ့မှ သြဂုတ်လ ၂၆ ရက်နေ့တို့၌ ဖမ်းဆီးခံခဲ့ရသည်။