- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
INGO/NGO များနှင့် လူမှုအဖွဲ့အစည်းများ လူသားချင်းကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ULA မှ ကူညီမည်
ရခိုင်ပြည်အတွင်း စစ်ကောင်စီက ခရီးသွားလာခွင့်ကန့်သတ်ထားသည့်အတွက် အခက်အခဲဖြစ်နေသော INGO/NGO နှင့် လူမှုကူညီရေးအသင်းအဖွဲ့များ၏ ကူညီထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ဆောင်ရွက်ပေးသွားမည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
19 Sep 2022
DMG ၊ စက်တင်ဘာ ၁၉
ရခိုင်ပြည်အတွင်း စစ်ကောင်စီက ခရီးသွားလာခွင့်ကန့်သတ်ထားသည့်အတွက် အခက်အခဲဖြစ်နေသော INGO/NGO နှင့် လူမှုကူညီရေးအသင်းအဖွဲ့များ၏ ကူညီထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ဆောင်ရွက်ပေးသွားမည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
စစ်ကောင်စီက ခရီးသွားလာခွင့် ကန့်သတ်ထားသည့်နေရာများ၊ သွားလာရခက်ခဲသည့်နေရာများနှင့် တစ်ခြားအကြောင်းများကြောင့် သွားရောက်လှူဒါန်းရန်အခက်အခဲရှိပါက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်သည်ဟု ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ဦးခိုင်သုခက ပြောကြားသည်။
“စစ်ကောင်စီရဲ့လုပ်ရပ်တွေကြောင့် ဒုက္ခသည်စခန်းတွေမှာ ဆေးဝါးနဲ့အဝတ်အထည်ကအစ ပြတ်လပ်နေပြီး လူသားချင်းစာထောက်ပံ့မှုအကူအညီတွေ အရေးပေါ်လိုအပ်နေပါတယ်။ ဒါကြောင့် INGO/NGO အဖွဲ့အစည်းတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက အဖွဲ့အစည်းလိုက်ဖြစ်စေ၊ လူပုဂ္ဂိုလ်လိုက်ဖြစ်စေ လာရောက်လှူဒါန်းပေးဖို့ အထူးအလေးထားတိုက်တွန်းလိုပါတယ်”ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်အတွင်းက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ စသည့်မြို့နယ်တို့တွင် စစ်ဘေးရှောင်များအတွက် အဓိကထောက်ပံ့နေသည့် INGO/NGO အဖွဲ့အစည်းများကို (စက်တင်ဘာလ ၁၆ ရက်)နေ့မှစတင်ကာ စစ်ကောင်စီက ခရီးသွားလာခွင့် ကန့်သတ်ထားသည်။
ယင်းကဲ့သို့ သွားလာခွင့်ကန့်သတ်ထားသည့်အတွက် အဆိုပါမြို့များတွင်ရှိသည့် စစ်ဘေးရှောင်များမှာ လက်ရှိတွင် စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။
လက်ရှိ တိုက်ပွဲများကြောင့် ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာအုပ်စုတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၉၀၀ ကျော်မှာ လက်ရှိတွင် ရိက္ခာပြတ်လပ်မှုနှင့်ရင်ဆိုင်နေရသည်ဟု စေတီပြင် လူမှုကူညီရေးအသင်းက ကိုအောင်မင်းစိုးကပြောသည်။
“အလှူရှင်တွေဆီက အရင်ထောက်ပံ့ပေးထားတာတွေက ကုန်နေပြီ။ ရိက္ခာက ဒီနေ့တစ်ရက်စာပဲရှိတော့တယ်။ လမ်းခရီးတွေပိတ်ထားတော့ အလှူရှင်တွေဆီကလည်း တောင်းလို့မရဘူး။ မနက်ဖြန် ဘယ်လိုဆောင်ရွက်ပေးရမလဲတောင် မသိတော့ဘူး”ဟု ကိုအောင်မင်းစိုးကဆိုသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ရခိုင်ပြည်အတွင်းက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တို့မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေသည်။
တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများမှာလည်း တစ်ရက်ထက်တစ်ရက်တိုးလာနေပြီး လက်ရှိတွင် တကျော့ပြန်တိုက်ပွဲကြောင့် စစ်ဘေးရှောင်တစ်သောင်းနီးပါးအထိ ရှိလာနေပြီဖြစ်ကြောင်း လူမှုအဖွဲ့အစည်းများ၏ စာရင်းအရ သိရသည်။