- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်က တစ်ပိုင်တစ်နိုင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများ အလုပ်ပြောင်းလဲ လုပ်ကိုင်လာကြ
တိုက်ပွဲကြောင့် ရခိုင်ပြည်အတွင်းက တစ်ပိုင်တစ်နိုင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများမှာ မြစ်ချောင်းများသို့သွားရောက်ပြီး ငါးဖမ်းဆီးရန် အဆင်မပြေတော့သဖြင့် အခြားအလုပ်များကို ပြောင်းလဲလုပ်ကိုင်လာနေကြသည်။
22 Oct 2022
စစ်တွေမြို့အနီးရှိ ကုလားတန်မြစ်အတွင်းမှ ငါးဖမ်းစက်လှေများကို တွေ့ရစဉ်။
DMG ၊ အောက်တိုဘာ ၂၂
တိုက်ပွဲကြောင့် ရခိုင်ပြည်အတွင်းက တစ်ပိုင်တစ်နိုင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများမှာ မြစ်ချောင်းများသို့သွားရောက်ပြီး ငါးဖမ်းဆီးရန် အဆင်မပြေတော့သဖြင့် အခြားအလုပ်များကို ပြောင်းလဲလုပ်ကိုင်လာနေကြသည်။
ဩဂုတ်လမှ စတင်ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲအတွင်း မြန်မာစစ်တပ်က ကုန်းလမ်းသွားလာမှုများကို တင်းကျပ်စွာ စစ်ဆေးနေသည့်အပြင် ရေလမ်းခရီး သွားလာမှုများကိုလည်း ရခိုင်ပြည် မြောက်ဘက်ပိုင်းရှိ မြို့နယ်များတွင် ကန့်သတ်ပိတ်ပင်ထားသည်။
ထို့ကြောင့် မြစ်၊ ချောင်းများကို အမှီပြုကာ ဝမ်းစာရှာနေကြသည့် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများမှာ လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်လာနေကြသည်။
လက်ရှိတွင် ငါးဖမ်းဆီးသည့်အလုပ် အဆင်မပြေဖြစ်လာ၍ မိသားစုစားဝတ်နေရေးအတွက် မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်နေရာများသို့ သွားရောက်ကာ ကုန်တင်ကုန်ချအလုပ်များကို ကြုံရာကျပန်း လုပ်ကိုင်နေရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ကိုသန်းမြင့်ကပြောသည်။
“အခု ရေလုပ်ငန်းကို ရပ်ထားရတယ်ဆိုတော့ ကြုံရာကျပန်းအလုပ်ကို လုပ်ကိုင်နေရတယ်။ သင်္ဘောတွေမှာ ဘိလပ်မြေအိတ် ထမ်းတယ်၊ သံတွေထမ်းတယ်၊ အဲဒီလိုမျိုး ကျရာအလုပ်ကို လုပ်နေရတယ်”ဟု ရေလုပ်ငန်းကို ၇ နှစ်ကြာ လုပ်ကိုင်ခဲ့သည့် အသက် ၃၅ နှစ်အရွယ် ကိုသန်းမြင့်ကပြောသည်။
စပါးထားကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိပြီး အများစုမှာ မြစ်၊ချောင်းများကို အမှီပြုကာ မြူးထောင်ခြင်း၊ မော်ရန်ပိုက်ချခြင်း၊ ကျားပိုက်ချခြင်း စသည့်ရေလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။
မြန်မာစစ်တပ်၏ ဇက်ရေယာဉ်များမှာ ညအချိန်တွင်လည်း မြစ်ချောင်းများအတွင်း ဖြတ်သန်းသွားလာမှုများ ရှိနေသဖြင့် ရေလုပ်ငန်းလုပ်ကိုင်သူများမှာ ညအချိန် လုပ်ငန်းခွင်ဝင်ရန် စိုးရိမ်မှုများရှိနေကြသည်။
“ကျွန်တော်တို့မှာ ဒီအလုပ်ကိုပဲ အဓိက အားထားလုပ်ကိုင်နေရတာ။ ဇက်သင်္ဘော(စစ်တပ်ရေယာဉ်)တွေ သွားလာတာတွေရှိတော့ ကျွန်တော်တို့ မသွားရဲ့တော့ဘူး။ ကြောက်နေရတယ်။ ကျွန်တော်တို့ရွာမှာ အခုက ရေလုပ်ငန်းမလုပ်ရရင် လူတွေက စားဝတ်နေရေး အခက်ခဲဖြစ်နေကြတယ်။ ရေအလုပ်ကိုမလုပ်ရတော့ ကြုံရာအလုပ်ကို လုပ်နေကြရတယ်”ဟု ငါးဖမ်းလုပ်ငန်းကို နှစ်ပေါင်း ၄၀ ကျော်ကြာ လုပ်ကိုင်လာခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ အသက် ၅၅ နှစ်အရွယ် ဦးခိုင်ထူးကပြောသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတကျော့ပြန် ဖြစ်ပွားလာမှုကြောင့် သြဂုတ်လမှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ ရခိုင်နှင့် ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁၆၀၀၀ ကျော် တိုးလာခဲ့သည်။ ထိုသို့ နေရပ်စွန့်ခွာရသူများထဲတွင်လည်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများ ပါဝင်နေသည်။
ယခင်နှင့် လက်ရှိ စစ်ရေးပဋိပက္ခကြောင့် ရခိုင်နှင့် ပလက်ဝမြို့နယ်တွင် ထွက်ပြေးရသူစုစုပေါင်း ၉၀၀၀၀ ကျော် အထိရှိလာပြီဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က အောက်တိုဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ထားသည်။
“ဟိုကဆူ ဒီကဆူနေတော့ နေချင်တဲ့နေရာမှာ မနေရဘူး(ငါးမဖမ်းရဘူး)။ အဲဒီတော့ လုပ်ရတာလည်း အဆင်တော့သိပ်မပြောတော့ဘူး။ နေဗီ(စစ်တပ်ရေယာဉ်)ရှိတော့ ကျွန်တော်တို့အတွက် အခက်အခဲဖြစ်တယ်။ သွားရလာရတာ အဆင်မပြေဘူး”ဟု ကျောက်ဖြူမြို့နယ် ၊ စစ်တောကျေးရွာက ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ ကိုမောင်သန်းမြင့်က ပြောသည်။
အခြားတစ်ဖက်တွင် ရခိုင်ပြည်အတွင်းက မြို့နယ်အများအပြား၌ ဒေသန္တရအမိန့် ပုဒ်မ-၁၄၄ ကို ထုတ်ပြန်ထားခြင်းမှာလည်း ရေလုပ်သားများအတွက် အခက်အခဲဖြစ်စေသည်။
ရခိုင်ပြည်တွင် တရားဝင်ကမ်းဝေးငါးဖမ်းလှေအစီးရေ ၂၃၈ စီးနှင့် ကမ်းနီးငါးဖမ်းလှေအစီးရေ ၄ သောင်းခန့်ရှိသည်ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၂ ခုနှစ် စာရင်းအရ သိရသည်။