ရခိုင့်ဘုရင့်နိုင်ငံတော်ကျရှုံးခြင်း (၂၃၇)နှစ်ပြည့် ဝမ်းနည်းဖွယ်အထိမ်းအမှတ်အခမ်းအနားကို မြေပုံမြို့နယ်တွင်ပြုလုပ်

ရခိုင့်ဘုရင့်နိုင်ငံတော်ကျရှုံးခြင်း (၂၃၇)နှစ်ပြည့် ဝမ်းနည်းဖွယ်အထိမ်းအမှတ်အခမ်းအနားကို ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ပြင်ချောင်းကျေးရွာတွင် ဇန်နဝါရီလ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

31 Jan 2022

DMG ၊ ဇန်နဝါရီလ ၃၁

ရခိုင့်ဘုရင့်နိုင်ငံတော်ကျရှုံးခြင်း (၂၃၇)နှစ်ပြည့် ဝမ်းနည်းဖွယ်အထိမ်းအမှတ်အခမ်းအနားကို ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ပြင်ချောင်းကျေးရွာတွင် ဇန်နဝါရီလ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားပြုလုပ်ခြင်းမှာ ပြည်သူများ စည်းလုံးညီညွတ်မှုကိုဖော်ဆောင်ရန်နှင့် အတိတ်သမိုင်းပုံရိပ်များကို သင်ခန်းစာယူပြီး ရခိုင့်အနာဂတ်ကို တစ်ဖန်ပြန်လည်ပုံဖော်တည်ဆောက်နိုင်ရန်အတွက်ဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီ အကြံပေး ဦးကျော်ဇံက DMG ကိုပြောသည်။

“ရခိုင်တို့ရဲ့အချုပ်အခြာအာဏာ ကျဆုံးခဲ့တာဟာ အခုဆို ၂၃၇ နှစ်ရှိပြီ။ ရခိုင့်ဘုရင်ကိုဖမ်းဆီးသွားခဲ့တာဟာ ပြာသိုလကွယ်ဒီနေ့မှာဖြစ်တယ်။ ဒါကြောင့်မို့ လလည်းကွယ်ပြည်လည်းဆုံးဆိုပြီးတော့ ကျနော်တို့ရဲ့ဘုရင်၊ ကျနော်တို့ရဲ့တိုင်းပြည်ကို အောက်မေ့ဝမ်းနည်းခြင်းအဖြစ် ဒီအခမ်းအနားကိုပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

အဆိုပါအခမ်းအနားကို မြို့နယ်အသီးသီးမှလူပုဂ္ဂိုလ် ၄၀၀ ဦး တက်ရောက်ခဲ့ကြပြီး ရခိုင်သမိုင်းဆိုင်ရာအကြောင်းအရာများကို ဟောပြောခြင်း၊ ရခိုင်ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေပွဲများ ထည့်သွင်းထားသည်ဟု သိရသည်။

“ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်းနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့မှာကျင်းပကြတယ်။ ကျနော်တို့ကတော့ လလည်းကွယ်ပြည်လည်းဆုံးဆိုတဲ့ ဒီနေ့ကိုလည်းပဲ မမေ့သင့်လို့ထင်တယ်။ ဒီဇင်ဘာ ၃၁ မှာပြုလုပ်တာက ရခိုင့်ထီးနန်းအသိမ်းခံရတဲ့နေ့၊ ဒီပြာသိုလကွယ်နေ့ကတော့ ရခိုင့်ဘုရင်ဖမ်းဆီးခံရတဲ့နေ့ဆိုပြီး ကျနော်တို့က ဒါကိုနှစ်ပိုင်းမြင်ဖို့လိုတယ်လို့ထင်ပါတယ်”ဟု ဦးကျော်ဇံကပြောသည်။  

အလားတူ ရခိုင်နိုင်ငံတော်ကျရှုံးခြင်း ဝမ်းနည်းကြေကွဲခြင်းအဖြစ် မြောက်ဦးမြို့တွင်လည်း ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့မဈေးကြီးကို တစ်ရက်တာပိတ်သိမ်းခဲ့ကြောင်း သိရသည်။

“ကျနော်တို့က ရခိုင့်ဘုရင်နိုင်ငံတော်ကျရှုံးတဲ့ ဝမ်းနည်းတဲ့အထိမ်းအမှတ်ဖြစ် မိမိသဘောတူညီချက်နဲ့ လုပ်လိုက်ကြတာပါ။ အရင်နှစ်တွေကဆိုရင်တော့ ဆီမီးပူဇော်ပွဲတွေ၊ စာပေဟောပြောပွဲ တွေလည်းလုပ်တယ်။ ဒီနှစ်တော့ အဲဒီလိုမလုပ်လိုက်ကြတော့ဘူး။ ဈေးပိတ်တာ

တစ်ခုတည်းလုပ်လိုက်ပါတယ်“ဟု မြောက်ဦးမြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကပြောသည်။

ယခုပြည်နယ်အဖြစ်သတ်မှတ်ခံထားရသည့် ရခိုင်ပြည်နယ်သည် ယခင်က အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ခဲ့ပြီး ၁၇၈၄ ခုနှစ်တွင် ဗမာဘုရင်ဘိုးတော်မောင်ဝိုင်း၏ သိမ်းပိုက်ခံရမှုကြောင့် ကျဆုံးသွားခဲ့ခြင်းဖြစ်သည်။