ကြာအင်းဆိပ်ကြီးက စစ်ဘေးရှောင် ၁၆,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေ

ကြာအင်းဆိပ်ကြီးမြို့အနီးတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေမှုကြောင့် မြို့မရပ်ကွက်အပါအဝင် အနီးတဝိုက်ကျေးရွာ ၂၂ ရွာရှိ အိမ်ထောင်စု ၃,၃၁၅ စုမှ လူဦးရေ ၁၆,၃၃၅ ဦးအထိ ထပ်တိုးလာနေခြင်းဖြစ်သည်။

By Admin 18 Jan 2023

ကြာအင်းဆိပ်ကြီးက စစ်ဘေးရှောင် ၁၆,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေ

ကြာအင်းဆိပ်ကြီးဒေသခံ စစ်ဘေးရှောင်များကို တွေ့ရစဉ်။/ ဓာတ်ပုံ - CJ

DMG ၊ ဇန်နဝါရီ ၁၈

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဇန်နဝါရီ ၁၇ ရက်ကစပြီး တိုက်ပွဲများ ထပ်မံဖြစ်ပွားနေမှုကြောင့် စစ်ဘေးရှောင်အရေအတွက် ၁၆,၀၀၀ ကျော်အထိ တိုးလာနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေထိုင်စရာအမိုးအကာများ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူများထံက သိရသည်။

ကြာအင်းဆိပ်ကြီးမြို့အနီးတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေမှုကြောင့် မြို့မရပ်ကွက်အပါအဝင် အနီးတဝိုက်ကျေးရွာ ၂၂ ရွာရှိ အိမ်ထောင်စု ၃,၃၁၅ စုမှ လူဦးရေ ၁၆,၃၃၅ ဦးအထိ ထပ်တိုးလာနေခြင်းဖြစ်သည်။

၎င်းတို့မှာ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီး ကေအန်ယူ စစ်ဘေးရှောင်စခန်းများနှင့် နီးစပ်သည့် တောတောင်များတွင် ခိုလှုံနေရကြောင်း ကြာအင်းဆိပ်ကြီး စစ်ဘေးရှောင်ကူညီရေးကော်မတီ တာဝန်ရှိသူက ပြောသည်။

“စစ်ကောင်စီက ကျေးရွာတွေဘက် စစ်ကြောင်းထိုးတာ တိုက်ပွဲဖြစ်တာနဲ့ ရှောင်ရတဲ့သူ ပိုများလာတယ်။ လက်ရှိမှာတော့ ရွာ ၂၂ ရွာက လူဦးရေ ၁၆,၃၃၅ ဦး တိမ်းရှောင်နေရတယ်။ တောတောင်အတွင်းနဲ့ ဘုရားသုံးဆူနယ်စပ်ဘက် စစ်ရှောင်စခန်းတွေကို အကုန်ရှောင်နေရတယ်” ဟု ၄င်းက ပြောသည်။

“စားနပ်ရိက္ခာနဲ့ နေထိုင်စရာတွေက အရေးကြီး လိုအပ်တယ်။ ဆေးဝါးတွေလည်း မရှိသလောက်ဖြစ်နေပါတယ်” ဟုလည်း ၎င်းကဆက်ပြောသည်။ 

ဇန်နဝါရီလ ၄ ရက်မှ ၉ ရက်နေ့အထိ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီ တပ်ရင်း ခလရ (၃၂)၊ ခလရ (၂၈၃) နှင့် ခလရ (၂၈၄)တို့ တိုက်ခိုက်ခံရမှုကြောင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။  ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင်လည်း  ကြာအင်းဆိပ်ကြီးမြို့နယ် ကတိုးဆိပ်၊ ချောင်းဝ၊ ကြခတ်ကျောင်းနှင့် တုလေ့ကုန်း စသည်တို့၌ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း KNLA သတင်းအရင်းအမြစ်ထံက သိရသည်။

ထိုသို့ တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် ကြားအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပိုင်းနှင့် ကျိုက်မရော-ဘုရားသုံးဆူလမ်းပိုင်းတို့ကို KNU နှင့် စစ်ကောင်စီတို့က လမ်းပိတ်ထားသည်။ လမ်းပိတ်ထားမှုကြောင့် စစ်ဘေးရှောင်များကို ကူညီလုပ်ဆောင်ရန်သွားလာရာတွင် အခက်အခဲများရှိနေကြောင်း ကျိုက်မရောမြို့ရှိ စစ်ရှောင်ကူညီရေး လုပ်ဆောင်နေသူတစ်ဦးက ဆိုသည်။

“စစ်တပ်နဲ့ ကေအန်ယူကပါ အသွားအလာပိတ်ထားတော့ စစ်ဘေးရှောင်တွေအတွက် ရိက္ခာသွားထောက်ပံ့ပေးဖို့ မလွယ်ဘူးဖြစ်နေတယ်။ ဒါပေမဲ့ အဆင်ပြေတဲ့လမ်းကနေ ရောက်အောင်ပို့ပေးဖို့ ကြိုးစားနေပါတယ် ” ဟု ၄င်းက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက အင်အားရာချီဖြင့် စစ်ကြောင်းထိုးမှုများ ရှိနေကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။

#F004