- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် မြေဆီဈေးနှုန်း ယခင်နှစ်ထက် သုံးဆမြင့်တက်
ရခိုင်ပြည်တွင် မြေဆီဈေးနှုန်း ယခင်နှစ်ထက် သုံးဆမြင့်တက်လာသောကြောင့် လယ်ယာလုပ်ငန်းရှင်များမှာ စပါးစိုက်ပျိုးရန် အခက်တွေ့နေကြသည်ဟု သိရသည်။
08 Jun 2022
DMG ၊ ဇွန် ၈
ရခိုင်ပြည်တွင် မြေဆီဈေးနှုန်း ယခင်နှစ်ထက် သုံးဆမြင့်တက်လာသောကြောင့် လယ်ယာလုပ်ငန်းရှင်များမှာ စပါးစိုက်ပျိုးရန် အခက်တွေ့နေကြသည်ဟု သိရသည်။
ယခင်နှစ်က မြေဆီတစ်အိတ်လျှင် ငွေ ၂၅၀၀၀ ကျပ်မှ ငွေ ၃၅၀၀၀ ကျပ်ရှိခဲ့ရာမှာ ယခုနှစ်တွင် ငွေကျပ် တစ်သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်သွားသည်။ ထိုသို့ မြေဆီများဈေးနှုန်းမြင့်တက်သဖြင့် ဝယ်ယူသူ နည်းပါးလာသည်ဟု မြောက်ဦးမြို့မှ မြေဆီအရောင်းပိုင်ရှင် ဦးအောင်ကျော်မြက DMG သို့ ပြောသည်။
“မြေဆီတွေ ဈေးတက်နေတော့ မရောင်းရဘူး။ အရင်က ၁၀ ယောက်ဝယ်ရင် အခု တစ်ယောက်တောင် မဝယ်ဘူး။ မြေဆီတွေ ဈေးတက်တာ တစ်မျိုး၊ ရေနံဆီတွေ ဈေးတက်တာ တစ်မျိုး၊ လယ်သမားတွေမှာ ကျွဲတွေ၊ နွားတွေ ရောင်းပြီး စက်ဝယ်တယ်။ ရေနံဆီတွေ ဈေးတက်၊ မြေဆီတွေ ဈေးတက်တော့ လယ်မလုပ်နိုင်ကြတော့ဘူး။ အခု လယ်မလုပ်တဲ့ လယ်သမားတွေ သိပ်အများကြီးရှိတယ်” ဟု သူက ဆိုသည်။
ထိုသို့ ကုန်ကျစရိတ်များသောကြောင့် စပါးစိုက်ရန် မလွယ်ကူကြောင်းနှင့် စိုက်ပျိုးလျှင်လည်း အရှုံးနှင့်ရင်ဆိုင်ရမည်ဟု ပေါက်တောမြို့နယ်၊ ငပြီတက်ကျေးရွာမှ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ ဦးအေးသာအောင်က ပြောသည်။
“ဒီနှစ်တော့ စပါးစိုက်ရမှာက မလွယ်ဘူး။ မြေဆီ ဈေးနှုန်းတွေက သုံး၊ လေးဆလောက် မြင့်တက်နေတော့ ဘယ်လိုလုပ်ပြီး စပါးစိုက်ကြမှာလဲ။ ဒီလောက်ကုန်ကျစရိတ်တွေ ကြီးမားနေရင် စပါးစိုက်ရတာ အရှုံးပဲရှိတယ်” ဟု ၎င်းက ပြောသည်။
ထို့အတူ မြေဆီအပြင် စက်သုံးဆီဈေးနှုန်းမှာလည်း ယခင်နှစ်က ဒီဇယ်ဆီ တစ်ပေပါကို ငွေ ၃ သိန်းကျပ်ရှိခဲ့ရာ လက်ရှိတွင် ငွေ ၆ သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်လာသောကြောင့် အခက်တွေ့ရသည်ဟု မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာမှ လယ်သမား ဦးစိုးနိုင်က ပြောသည်။
“မြေဆီကိစ္စနဲ့ ပြောရမယ်ဆိုရင် ဒီနှစ်တော့ အဆိုးဆုံးနှစ်လို့ပြောရမှာပဲ။ ဓာတ်ဆီတွေ ဒီဇယ်တွေ ဈေးတက်ကတည်းကနေ ဆီဘက်ပဲ အာရုံ စိုက်နေရတယ်။ မြေဆီဘက်ကို စဉ်စားလို့တောင်မရသေးဘူ။ ဒီဇယ် တစ်ပေပါကို ၆ သိန်းလောက်ရှိတယ်လေ။ အခုက အရင်လို နွားတွေမရှိတော့ စက်နဲ့ပဲ ထွန်နေရတဲ့အခါ ဒီဇယ်ကို အဓိက ဖြစ်နေတယ်။ ဒါကြောင့် ဆီဘက်ပဲ အာရုံစိုက်နေရတယ်။ မြေဆီဘက်စဉ်းစားလို့တောင် မရတော့ဘူး” ဟု သူကဆိုသည်။
ယခုနှစ်တွင် မြေဆီနှင့် စက်သုံးဆီ ဈေးနှုန်းမြင့်တက်မှုကြောင့် လယ်ယာစိုက်ပျိုးသူ နည်းပါးလာနိုင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသဂ္ဂ ဥက္ကဌ ဦးကျော်ဇံက ပြောသည်။
“လယ်ဧက ဘယ်လောက်ထိစိုက်ပျိုးနိုင်မှာလဲလို့ ပြောရမယ်ဆိုရင် တိတိကျကျပြောရဖို့က ခက်တယ်။ ဒါပေမယ့် ယေဘုယျအားဖြင့်ဆိုရင် တောင်သူတွေ အတွက်ကတော့ ဧက လျော့ကျသွားမယ့် အနေအထား ရှိတယ်။ ဥပမာ ၁၀ ဧက စိုက်နေတဲ့ သူတစ်ယောက်က ၅ ဧက မဟုတ်ရင် ၇ ဧကလောက် လျော့ကျသွားမယ့် အနေအထားရှိတယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်တစ်ပြည်လုံးတွင် စိုက်ပျိုးမြေဧကပေါင်း ၁၂ သိန်းခန့်ရှိပြီး တောင်သူများစစ်ဘေးရှောင်နေရခြင်း၊ စိုက်ပျိုးရေးစရိတ်ကြီးခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်တွင် လယ်ဧက ၈၅၀,၀၀၀ ခန့်ကိုသာ စိုက်ပျိုးနိုင်ခဲ့ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသဂ္ဂထံက သိရသည်။