- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
KIA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေဆဲ
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
29 Jan 2022
DMG ၊ ဇန်နဝါရီ ၂၉
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
တိုက်ပွဲကာလကြာရှည်နေပြီး ယင်းအကျပ်အတည်းအား အချိန်မီမဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံသည် အလုံးစုံပျက်သုဉ်းရေးကိုရောက်ရှိသွားနိုင်ကြောင်းအပါအဝင် အချက် ၇ ချက်ပါသည့်ကြေညာချက်ကို ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)မှ ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းသို့ထုတ်ပြန်ပြီးနောက် ဇန်နဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် KIA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်းမှ ကချင်ပြည်နယ်သို့ ရိက္ခာသယ်ဆောင်လာသည့် စစ်ကောင်စီတပ်၏ စစ်ကား ၅၀ ကျော်ပါယာဉ်တန်းကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်မှုများရှိခဲ့သည်။
ထို့အပြင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ပင်ဝယ်အနီးတဝိုက်၊ မှော်လူးနှင့် နန့်စီးအောင်ကြားနှင့် မိုညှင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာအနီးတို့၌ တစ်နေ့ထဲ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း KIA နှင့်နီးစပ်သူတစ်ဦးမှ DMG ကိုပြောသည်။
"စစ်ကောင်စီတပ် ရိက္ခာကားတွေတက်လာတာပေါ့။ အဲဒါကို ဒီဘက်ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာရှိတယ်။ စစ်ကိုင်းဘက်ကနေ စစ်ကားအင်အားအများအပြားနဲ့ တက်လာတာကြောင့်လဲပါတယ်"ဟု ၎င်းမှပြောသည်။
အလားတူ ဇန်နဝါရီ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီ၏ရိက္ခာသည်ယာဉ်တန်းသည် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့အထွက် ၅ မိုင်နှင့် ကြာကြီးကွင်းကြားရှိတံတားတစ်ခု၌ ထပ်မံမိုင်းဆွဲခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။
ထိုသို့မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ လက်နက်ကြီးများနှင့် ပစ်ခတ်မှုပြုလုပ်ခဲ့သည့်အတွက် ခရီးသည်ယာဉ်လိုင်းများ နာရီဝက်ခန့်ရပ်တန့်ခဲ့ရသည်ဟု အမည်မဖော်လိုသည့် ဟိုပင်မြို့ဒေသခံတစ်ဦးမှ ပြောသည်။
"မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ကြားတယ်ပေါ့။ အဲဒါကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ပြန်ပစ်တာ။ ဘယ်နေရာတွေထိကုန်လဲတော့မသိဘူး။ ခရီးသွားယာဉ်တွေလည်း ခနရပ်လိုက်ရတယ်။ နာရီဝက်လောက်ကြာတော့ပြန်သွားခဲ့ရတယ်"ဟု ၎င်းမှဆိုသည်။
စစ်ကောင်စီအနေနဲ့ တရားမျှတမှုနှင့် ပြည်သူ့ဆန္ဒကို တန်ဖိုးထားရန်လိုအပ်ကြောင်း KIO က ထုတ်ပြန်ထားသည်။
တစ်ဖက်မှာလည်း တရုတ်နှစ်သစ်ကူးကာလအတွင်း နယ်စပ်ဒေသအပါအဝင် မြန်မာတစ်နိုင်ငံလုံး၌ စစ်ပွဲများရပ်တန့်ထားရန် တရုတ်၏တိုက်တွန်းချက်အပေါ် အလေးထားစဉ်းစားရမည်ဟု KIO ကဆိုသည်။
ဒေသခံများ ထိခိုက်ရမှုကာကွယ်ပေးရေးနှင့် တိုက်ခိုက်မခံရစေရန် KIO မှပြောဆိုမှုမှာ စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများ အတန်အသင့်လျော့ချစေရန်အတွက် နိုင်ငံရေးအရတိုက်တွန်းခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် နိုင်ငံရေးသမားတစ်ဦးမှ ဆိုသည်။
"စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားပူးပေါင်းအဖွဲ့ကြားမှာ အခုလက်ရှိနိုင်ငံရေးအခြေအနေအရ ထိရှလွယ်တဲ့သဘောဖြစ်နေတယ်။ အဲဒီလိုအခြေအနေမှာ အများစုက အရပ်သားတွေထိခိုက်ရတယ်။ အဲလိုဖြစ်တဲ့အတွက် စစ်ရေးလှုပ်ရှားမှုတွေကို အနည်းငယ်လျော့ချဖို့တိုက်တွန်းတာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေအရတော့ နှစ်ဖက်စလုံးအလျော့ပေးဖို့ကတော့ မမြင်သေးဘူးလို့ပဲ သုံးသပ်ချင်ပါတယ်"ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ပူးပေါင်းအဖွဲ့တို့ကြား ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့တွင် လက်ရှိအချိန်ထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။