ဒီမော့ဆို ဟိုဖိတ်ကျေးကျေးရွာအနီး စစ်ကောင်စီတပ်နှင့် KNDF တို့ တိုက်ပွဲအတွင်း KNDF ဘက်မှလေးဦးကျဆုံး

ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာအနီး၌ ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက် နံနက် ၅ နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး KNDF ဘက်မှ လေးဦးကျဆုံးခဲ့ကာ စစ်ကောင်စီတပ်ဘက်မှလည်း အကျအဆုံးများခဲ့ကြောင်း သိရသည်။

27 Nov 2021

တိုက်ပွဲအတွင်းကျဆုံးခဲ့သည့် KNDF မှ ရဲဘော်တို့၏ ဈာပနအခမ်းအနားကျင်းပနေစဉ်။

DMG၊ နိုဝင်ဘာ ၂၇

ဟိုဖိတ်ကျေးရွာအနီးသို့ စစ်ကောင်စီတပ်ဖြစ်သည့် ခလရ(၄၂၇)တပ်ရင်းမှ စစ်ကြောင်းနှစ်ခုဖြင့် ထိုးစစ်ဆင်လာခဲ့ခြင်းကြောင့် ယခုလိုအပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကာ နှစ်ဖက်အကျအဆုံးများရှိခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော်(KNDF)မှ တာဝန်ရှိသူတစ်ဦးက DMG ကို ပြောသည်။

"သူတို့(စစ်ကောင်စီ)ဘက်က ဟိုဖိတ်ရွာအနားကို စစ်ကြောင်းနှစ်ကြောင်းခွဲပြီး တက်လာတာ။ မနက်စောစောပိုင်းပဲပေါ့။ အဲတာနှစ်ဖက်ထိတွေ့မှုဖြစ်တယ်။ နောက်တော့ တိုက်ပွဲပြင်းထန်ခဲ့တာ။ အကျအဆုံးကတော့ နှစ်ဖက်ရှိတယ်။ ဒါပေမဲ့ သူတို့(စစ်ကောင်စီ)ဘက်ကတော့ အကျအဆုံးများတယ်"ဟု သူကပြောသည်။

တိုက်ပွဲအတွင်းကျဆုံးခဲ့သည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် (KNDF) ရဲဘော်လေးဦးတို့ကို နိုဝင်ဘာ ၂၆ ရက်နေ့တွင် KNDF မှ တပ်ဖွဲ့ဝင်များအပါအဝင် ပြည်သူများမှ ဈာပနအခမ်းအနား ပြုလုပ်ပေးခဲ့ကြောင်း KNDF-ဒီမော့ဆိုမှ သတင်းထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဟိုဖိတ်ကျေးရွာသား ရ ဦးကို လူသားဒိုင်းအဖြစ် အကာကွယ်ယူဖမ်းဆီးခဲ့ကာ နေ့လည်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း မျက်မြင်တွေ့ရှိရသည့် ကျေးရွာဒေသခံတစ်ဦးက ဆိုသည်။

"ရွာကလူတွေကို သေနတ်တွေနဲ့ချိန်ပြီး ဖမ်းခေါ်သွားတာ။ သူတို့ကို ကြားညှပ်ပြီးခေါ်သွားတယ်။ နောက် နေ့လည်ပိုင်းကျတော့ သူတို့ကို ပြန်လွှတ်ပေးလိုက်တယ်"ဟု သူမကဆိုသည်။

ထို့အပြင် (၆)မိုင်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖြစ်သည့် ခလရ(၄၂၇)တပ်ရင်းမှ အင်အား (၁၀၀)ကျော်ဖြင့် ထိုးစစ်ဆင်နေပြီး ကျေးရွာအတွင်းရှိ လူနေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများမှပြောသည်။

တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှုကြောင့် ဒေသခံအများစုမှာ နီးစပ်ရာစစ်ဘေးရှောင်စခန်းများသို့ သွားရောက်တိမ်းရှောင်နေရသည်။

 တိုက်ပွဲအတွင်းကျဆုံးခဲ့သည့် KNDF မှ ရဲဘော်တို့၏ ဈာပနအခမ်းအနားကျင်းပနေစဉ်။