- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
KNDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ (၁၃၀)ကျော်ဖြစ်ပွား၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုများအပြင် အရပ်သားများလည်း သေဆုံးမှုရှိခဲ့
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှ ဒီဇင်ဘာလအထိ ကယား(ကရင်နီ)ပြည်နယ်အတွင်း၌ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပေါင်း (၁၃၀)ကျော်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ကာ အရပ်သားများမှာလည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း KNDF မှ ယနေ့(ဇန်နဝါရီလ ၃ ရက်)တွင် ထုတ်ပြန်ထားသည်။
03 Jan 2022
DMG ၊ ဇန်နဝါရီ ၃
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှ ဒီဇင်ဘာလအထိ ကယား(ကရင်နီ)ပြည်နယ်အတွင်း၌ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပေါင်း (၁၃၀)ကျော်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ကာ အရပ်သားများမှာလည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း KNDF မှ ယနေ့(ဇန်နဝါရီလ ၃ ရက်)တွင် ထုတ်ပြန်ထားသည်။
ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှကျဆုံးသူ (၂၄၉)ဦးနှင့် ဒဏ်ရာရရှိသူ(၁၄၉)ဦးရှိခဲ့ပြီး KNDF ပူးပေါင်းအဖွဲ့မှ (၁၃)ဦးကျဆုံးခဲ့ကာ (၂၄)ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လက်ရှိတွင် KNDF အဖွဲ့အနေဖြင့် ကရင်နီတပ်မတော်၏ဦးဆောင်မှုကိုခံယူကာ အခြားပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်း KNDF မှ တာဝန်ရှိသူတစ်ဦးမှ DMG ကိုပြောသည်။
"အခုအခြေအနေအရ ကျွန်တော်တို့တပ်ဖွဲ့အနေနဲ့ အင်အားလဲအတန်အသင့်ရှိနေပြီ။ အခြားကာကွယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေပြီဖြစ်တယ်။ စစ်ကောင်စီကို လုံးဝအနိုင်အရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်"ဟု ၎င်းမှပြောသည်။
ကယား(ကရင်နီ)ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံတစ်သိန်းကျော်မှာ နီးစပ်ရာတောတောင်များတွင်တိမ်းရှောင်နေရပြီး ဒေသခံသေဆုံးသူ (၁၄၆)ဦးအထိရှိခဲ့ကာ အိမ်ခြေ ၄၀၀ ကျော် မီးရှို့ခံခဲ့ရကြောင်းလည်း သိရသည်။
စစ်ဘေးရှောင်နေကြရသည့် ကရင်နီဒေသခံပြည်သူများအတွက် စားဝတ်နေရေး၊ ကျန်းမာရေးတို့အတွက် လှူဒါန်းမှုများရှိသော်လည်း လိုအပ်ချက်များရှိနေဆဲဖြစ်ကြောင်း ကရင်နီစစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးကပြောသည်။
"စစ်ဘေးရှောင်ပြည်သူတွေအတွက် အဓိကလိုအပ်နေတာက ဆေးဝါးတွေ၊ အစားအသောက်တွေ၊ အဝတ်အထည်တွေကတော့လိုအပ်နေပါတယ်။ လှူဒါန်းမှုတွေရှိပေမဲ့ တိုက်ပွဲကပိုပြီးပြင်းထန်နေတာကြောင့် ထပ်ပြီးတိမ်းရှောင်လာသူတွေကလပိုတိုးလာနေပါတယ်။ အဲဒါကြောင့် လိုအပ်ချက်ကတော့ရှိနေတုန်းပါပဲ"ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နှင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တို့တွင် စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းအဖွဲ့တို့ကြား ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီးတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစတင်ကာ တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ဖြစ်ပြီး စစ်မှန်သည့်ဖက်ဒရယ်ဒီမိုကရေစီ လုံးဝရရှိသည်အထိ စစ်ကောင်စီတပ်များကိုတိုက်ခိုက်သွားမည်ဖြစ်ကြောင်း KNDF မှ အသိပေးထားသည်။