မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကျောက်ကြီးနှင့် မုန်းဒေသရှိ စစ်ဘေးရှောင်းများ ဒုက္ခရောက်နေရ

ပဲခူးတိုင်း၊ ကျောက်ကြီးနှင့် မုန်းမြို့နယ်တို့တွင် မိုးဆက်တိုက်ရွာ သွန်းမှုကြောင့် စစ်ဘေးရှောင်များ ယာယီခိုလှုံနေသည့်တဲများ အမိုးအကာမလုံသဖြင့် ပိုမိုဒုက္ခရောက်နေရကြောင်း သိရသည်။

13 Jul 2022

ကျောက်ကြီးနှင့် မုန်းဒေသအတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်ဒေသခံများကို တွေ့ရစဉ်။ ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး(KNU)

DMG ၊ ဇူလိုင် ၁၃

ပဲခူးတိုင်း၊ ကျောက်ကြီးနှင့် မုန်းမြို့နယ်တို့တွင် မိုးဆက်တိုက်ရွာ သွန်းမှုကြောင့် စစ်ဘေးရှောင်များ ယာယီခိုလှုံနေသည့်တဲများ အမိုးအကာမလုံသဖြင့် ပိုမိုဒုက္ခရောက်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ကစပြီး ယနေ့အချိန်ထိ နေ့စဉ် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် စစ်ဘေးရှောင်များမှာ အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ကျောက်ကြီးမြို့ခံ စစ်ရှောင်ကူညီရေး လုပ်ဆောင်သူနေသူတစ်ဦးက ပြောသည်။

“မိုးရွာတာ ရက်ဆက်ကိုဖြစ်နေတယ်။ စစ်ရှောင်တဲ့သူကများတော့ အမိုးအကာမလောက်ဘူး။ တချို့ဆို တောထဲမှာ ယာယီဖြစ်သလိုမိုးပြီး နေရတာတွေ့ရတယ်။ အမိုးအကာတွေ လာလှူပေးရင်တော့ကောင်းမယ်”ဟု စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်မှစပြီး ကျောက်ကြီးနှင့် မုန်းဒေသ၌ စစ်ကောင်စီတပ်နှင့် ကေအန်ယူတပ်မဟာ(၃) KNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာ (၂၆)ရွာမှ ဒေသခံလေးသောင်းနီးပါးမှာ ကျောက်တံခါးနှင့် ဖြူးမြို့နယ်ရှိ နီးစပ်ရာတောတောင်များ၌ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်။

လက်ရှိတွင် အဆိုပါဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် တောထဲတွင် တဲထိုးနေထိုင်ကြရသည့် စစ်ဘေးရှောင်တို့မှာ အမိုးအကာမလုံသည့်အတွက် ဆိုးဝါးသည့် အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း စစ်ရှောင်များကပြောဆိုသည်။

“အဆင်ပြေသလိုပဲ လောလောဆယ် တာပေါ်လိတ်စများနဲ့ နေရတယ်။ မိုးကလည်းအရမ်းသည်းတော့ နေထိုင်ရတာခက်ခဲတယ်။ တချို့ဆို မိုးမလုံတဲ့သူတွေတောင်ရှိနေတယ်”ဟု စစ်ရှောင်တစ်ဦးက ဆိုသည်။

ကျောက်ကြီးမြို့နယ်တွင် ပြီးခဲ့သည့်ဇူလိုင်လ ၁၁ ရက်နေ့က စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့မှုကြောင့် လမ်းအသွားအလာများကို စစ်ကောင်စီက စစ်ဆေးမှုတင်းကြပ်ထားသဖြင့် စစ်ရှောင်များအတွက်လိုအပ်သည့် အမိုးအကာနှင့် စားနပ်ရိက္ခာများ သယ်ယူရေးတွင် ပိုမိုအခက်အခဲဖြစ်ပေါ်စေကြောင်းလည်း ကရင်ဒေသခံ အရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကျောက်ကြီးမြို့အနီး အင်းနက်ရွာမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တယ်။ အဲဒါကြောင့် ရိက္ခာတွေ၊ အမိုးအကာတွေ သွားယူပေး ဖို့ခက်သွားတယ်။ သွားလာဖို့ အခက်အခဲဖြစ်သွားတာပေါ့။ တိုက်ပွဲက အခုအထိမပြီးသေးဘူး”ဟု အဆိုပါ တာဝန်ရှိသူတစ်ဦးကဆိုသည်။

လက်ရှိ စစ်ဘေးရှောင်များထဲတွင် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များမှာ အများစုပါဝင်နေပြီး စားနပ်ရိက္ခာပြဿနာနှင့် ကျန်းမာရေးပြဿနာများအပြင် အမိုးအကာမလုံလောက်ခြင်းတို့နှင့်လည်း ရင်ဆိုင်နေကြရခြင်းလည်းဖြစ်သည်။