- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ကြီးနှင့် မုန်းဒေသရှိ စစ်ဘေးရှောင်များအတွက် ဆေးဝါးအရေးပေါ်လိုအပ်နေ
နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ပဲခူးတိုင်း ကျောက်ကြီးမြို့နှင့် မုန်းမြို့နယ်မှ စစ်ဘေးရှောင်များမှာ လက်ရှိမိုးရာသီတွင် ကျန်းမာရေးမကောင်းသူ များလာနေသည့်အတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း ကူညီပေးနေသည့် ကရင်အရပ်ဖက် အဖွဲ့အစည်းများထံမှ သိရသည်။
12 Sep 2022
DMG ၊ စက်တင်ဘာ ၁၂
နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ပဲခူးတိုင်း ကျောက်ကြီးမြို့နှင့် မုန်းမြို့နယ်မှ စစ်ဘေးရှောင်များမှာ လက်ရှိမိုးရာသီတွင် ကျန်းမာရေးမကောင်းသူ များလာနေသည့်အတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း ကူညီပေးနေသည့် ကရင်အရပ်ဖက် အဖွဲ့အစည်းများထံမှ သိရသည်။
စစ်ရှောင်ဒေသခံများမှာ မိုးတွင်းရာသီဖြစ်သဖြင့် ရာသီတုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဝမ်းရောဂါတို့ အဖြစ်များနေပြီး သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါဖြစ်ပွားနေသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအတွက်ပါ ဆေးဝါးများလိုအပ်နေခြင်းဖြစ်ကြောင်း စစ်ရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများထံမှ သိရသည်။
စစ်ဘေးရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတစ်ဦးက “ဆေးဝါးတွေလိုအပ်လာတာ အများကြီး။ အဓိကဖြစ်နေတာ ငှက်ဖျားပေါ့။ နောက်တုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးအတွက် ကုသဖို့ဆေးဝါးတွေ လိုအပ်လာတာ။ ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါအတွက်ပါ ကုသပေးဖို့လည်းပါတယ်”ဟု ဆိုသည်။
အဆိုပါ စစ်ဘေးရှောင်တို့မှာ ကေအန်ယူတပ်မဟာ(၃)နယ်မြေဖြစ်သော ကျောက်ကြီးနှင့် မုန်းမြို့နယ်အတွင်း ပြီးခဲ့သည့်ဇူလိုင်လမှစတင်ကာ သုံးလကြာ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာသူ ၆၀၀၀၀ ကျော်အထိရှိကြောင်းလည်း သိရသည်။
လက်ရှိတွင် အဆိုပါစစ်ဘေးရှောင်များအား ကရင်လူငယ်အစည်းအရုံး(KYO)၊ ဒေသခံကရင်အမျိုးသမီးအစည်းအရုံး (KWO)နှင့် သက်ဆိုင်ရာကေအန်ယူ ကျန်းမာရေးအဖွဲ့ဖြင့် ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှုပေးထားသော်လည်း လုံလောက်မှုမရှိကြောင်းလည်း ကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“စစ်ရှောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကရင်အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ကေအန်ယူ ကျန်းမာရေးအဖွဲ့တွေပူးပေါင်းပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပါတယ်။ ဒါပေမယ့် ဆေးဝါးတွေကတော့ လိုအပ်နေဆဲဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ကျောက်ကြီးနှင့် မုန်းဒေသ စစ်ရှောင်ဒေသခံများအတွက် ကေအန်ယူ ကျန်းမာရေးအဖွဲ့အပါအဝင် ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့၌ ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းများထံမှ သိရသည်။
စစ်ဘေးရှောင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်သွားရောက်ရာတွင် လမ်းခရီးပိတ်ထားမှု၊ စစ်ဆေးမေးမြန်းမှု စသည့်အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း ကရင်လူငယ်အဖွဲ့အစည်း(KYO) တာဝန်ရှိသူများက ပြောသည်။
ကရင်လူငယ်အဖွဲ့အစည်း(KYO)အဖွဲ့ တာဝန်ရှိသူတစ်ဦးက “စစ်ရှောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ သွားတဲ့အခါ စစ်တပ်နဲ့ ကေအန်ယူတပ်ကြား တိုက်ပွဲတွေဖြစ်ပွားတာနဲ့ ကြုံရတာရှိတယ်။ တခါတလေ စစ်တပ်က လေယာဉ်တွေ လက်နက်ကြီးတွေနဲ့ စစ်ရှောင်တွေနေတဲ့နေရာကို တမင်တကာ ပစ်ခတ်တာရှိတော့ သွားလာဖို့ တော်တော်ခက်ခဲတာတွေရှိပါတယ်။ နယ်မြေတည်ငြိမ်မှုအပေါ်ကို စောင့်ပြီးတော့ သွားနေရတယ်”ဟု ပြောသည်။
အဆိုပါဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လ ယခု စက်တင်ဘာလ ပထမအပတ်အထိ ကေအန်ယူတပ်မဟာ(၃) KNLA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ (၆၁၈၉၈)ဦးမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်း ကရင်လူ့ အခွင့်အရေးအဖွဲ့(KHRG)မှ ထုတ်ပြန်ထားသည်။