ကော့ကရိတ်တွင် လက်နက်ကြီးကျရောက်မှုကြောင့် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယမန်နေ့(သြဂုတ်လ ၁၅ ရက်)နံနက်ပိုင်းက ဌာနဆိုင်ရာ ၃ ခု တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ပြန်လည်ပစ်ခတ်မှုကြောင့် အနီးအနားကျေးရွာမှ အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

16 Aug 2022

လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံများ သေဆုံး၊ ဒဏ်ရာရရှိသည့် မြင်ကွင်း။ (ဓာတ်ပုံ- KO News- ကော့ကရိတ်ပွင့်လင်းသတင်းစဉ်။)

DMG ၊ သြဂုတ် ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယမန်နေ့(သြဂုတ်လ ၁၅ ရက်)နံနက်ပိုင်းက ဌာနဆိုင်ရာ ၃ ခု တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ပြန်လည်ပစ်ခတ်မှုကြောင့် အနီးအနားကျေးရွာမှ အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ကော့ကရိတ်မြို့ရှိ မြို့မရဲစခန်း၊ မြို့နယ်စီးပွားရေးဘဏ်နှင့် မြို့နယ်တရားရုံးတို့ကို ဒီမိုကရေစီအကျိုးပြုတပ်မတော်(DKBA) ခွဲထွက်အဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်ခံရပြီးနောက် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ အခြေစိုက် ခလရ(၉၇)မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ အနီးအနားရှိ ရန်ကုတ်နောင်နိုင်းကျေးရွာသို့ ကျရောက်ခဲ့သည်။

လက်နက်ကြီးကျရောက်မှုကြောင့် အဆိုပါကျေးရွာအတွင်းမှ နေအိမ် ၃ ဆောင်ပျက်စီးခဲ့ပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးတွင် ဝမ်းဗိုက်ပွင့်ထွက်ကာ သေဆုံးခဲ့သည်။ ကျန်ဒေသခံ (၅)ဦးမှာလည်း အပြင်းအထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း အမည်မဖော်လိုသည့် ရန်ကုတ်နောက်နိုင်းကျေးရွာသားတစ်ဦးက ပြောသည်။

“မြို့ထဲက ရုံးသုံးခုအတိုက်ခံရမှုကြောင့် ရွာထဲကို လက်နက်ကြီးနဲ့ပစ်တာပါ။ နေပူခံကုန်းမှာရှိတဲ့ ခလရ(၉၇)က ပစ်တာဗျာ။ အံကောင်နဲ့ ရန်ကုတ်နောင်နိုင်းရွာနှစ်ရွာကို လက်နက်ကြီးထိမှန်တယ်။ အသက် (၇၇)နှစ်အရွယ် အဘိုးကြီးတစ်ဦးကို ကျည်စမှန်တယ်။ နောက် ၂ နှစ်အရွယ် ကလေးတစ်ဦး ဗိုက်ပွင့်သေတယ်။ နောက်ထပ် (၅)ဦးလည်း အပြင်းအထန်ဒဏ်ရာရပါတယ်”ဟု ၎င်းကဆိုသည်။

ဒဏ်ရာရရှိခဲ့သည့် ဒေသခံ ၅ ဦးကို လက်ရှိတွင် ကော့ကရိတ်မြို့ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ဆေးကုသနေရကြောင်း ကော့ကရိတ်မြို့ လူမှုကူညီရေးအသင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

“လောလောဆယ် ဒဏ်ရာပြင်းထန်တဲ့သူတွေကို ဆေးရုံကြီး ပို့ထားပါတယ်။ အခြားထိခိုက်တဲ့ သူတွေကိုလည်း ဆေးကုသပေးထားပါတယ်”ဟု ၎င်းကဆိုသည်။

ဌာန ၃ ခုတိုက်ခိုက်ခံရမှုတွင် ကော့ကရိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် စစ်တပ်နှင့်ရဲ (၉)ဦးသေဆုံးခဲ့ပြီး (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် မြို့နယ်တရားရုံး ဥပဒေအရာရှိနှင့် ရုံးစောင့်ဝန်ထမ်းတို့ကို ဖမ်းဆီးထားကြောင်း ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်(DKBA) ခွဲထွက်အဖွဲ့နှင့် ကေအန်ယူတပ်မဟာ(၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“စစ်ကောင်စီတပ်သားတွေနဲ့ ရဲမှူးတစ်ဦးအပါအဝင် ၉ ဦး သေတယ်။ ၁၂ ဦး ထိခိုက်ဒဏ်ရရတယ်။ မြို့နယ်ဥပဒေအရာရှိနဲ့ ရုံးစောင့်ကို ဖမ်းဆီးခဲ့ပါတယ်”ဟု KNLA အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီက တစုံတရာ သတင်းထုတ်ပြန်မှု မရှိသေးပေ။

လက်ရှိတွင် ကော့ကရိတ်မြို့တွင် မြို့ပြင်နေရာများ၌ စစ်ကောင်စီမှ စစ်ဆေးမှုများပြုလုပ်နေပြီး စစ်ယာဉ်တန်းများဖြင့် ကင်းလှည့်ဆောင်ရွက်မှုများလည်းရှိနေကြောင်း မြို့ခံများထံမှသိရသည်။