ဗဟိုကော်မတီဝင်တစ်ဦးကို AA က ဖမ်းဆီးထားဟု ALP ထုတ်ပြန်၊ ဖမ်းဆီးထားခြင်း မရှိဟု AA တုန့်ပြန်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဗဟိုကော်မတီဝင်တစ်ဦးအား ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာလ ၇ ရက်နေ့တွင် ဖမ်းဆီးသွားသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ALP က ယနေ့(နိုဝင်ဘာလ ၁၀ ရက်)တွင် ထုတ်ပြန်လိုက်သည်။

By Admin 10 Nov 2022

ဗဟိုကော်မတီဝင်တစ်ဦးကို AA က ဖမ်းဆီးထားဟု ALP ထုတ်ပြန်၊ ဖမ်းဆီးထားခြင်း မရှိဟု AA တုန့်ပြန်

ALP ဗဟိုကော်မတီဝင် ခိုင်မြသာ။ (ဓာတ်ပုံ- ALP)

DMG ၊ နိုဝင်ဘာ ၁၀

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဗဟိုကော်မတီဝင်တစ်ဦးအား ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာလ ၇ ရက်နေ့တွင် ဖမ်းဆီးသွားသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ALP က ယနေ့(နိုဝင်ဘာလ ၁၀ ရက်)တွင် ထုတ်ပြန်လိုက်သည်။

ဖမ်းဆီးခံရသူမှာ ခိုင်မြသာဖြစ်ပြီး ၄င်းကို အိန္ဒိယနိုင်ငံ မီဇိုရမ်မြန်မာနယ်စပ်ရှိ ရွာသစ်ကျေးရွာတွင် မင်္ဂလာဆောင်သည့် ညနေပိုင်းတွင် ဖမ်းဆီးသွားခြင်းဖြစ်သည်။ ထိုသို့ဖမ်းဆီးသွားခြင်းအပေါ် "လူ့ကျင့်ဝတ်ကင်းမဲ့စွာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း”ဟုလည်း ALP ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"အဲဒီနေ့က သူက မနက်ပိုင်းမှာ မင်္ဂလာဆောင်တယ်၊ ညနေပိုင်းမှာ အဖမ်းခံလိုက်ရတယ်။ သူ့သတင်းကို ကြားလိုက်တဲ့အချိန်မှာ ကျမတို့အနေနဲ့ ရင်ကွဲရတယ်။ လူတစ်ယောက်ရဲ့ဘဝမှာ မင်္ဂလာဆောင်တဲ့နေ့ဆိုတာ အပျော်ဆုံးနေ့၊ ပျော်ရွှင်ရမဲ့နေ့ပါ။ အဲဒီလိုနေ့မျိုးမှာ အခုလိုအဖမ်းခံရတာကိုကြားတော့ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ လူသားချင်း စာနာထောက်ထားမှုကတော့ လိုအပ်တယ်လို့ပြောချင်ပါတယ်"ဟု ALP ဒု-ဥက္ကဌ ဒေါ်စောမြရာဇာလင်းက DMG သို့ပြောသည်။

AA အနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း၌ပင် ALP ၏ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ ပါတီနှင့်ဆက်စပ်သူများကို ဖမ်းဆီးမှုများရှိနေကြောင်း၊ သြဂုတ်လအတွင်းတွင်ပင် ၁၆ ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျမတို့ပါတီအနေနဲ့ အခုဖမ်းဆီးခံရသူတွေ လွတ်မြောက်ရေးအတွက် ဘာမှလုပ်ဆောင်နေတာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ အောက်ခြေကလူတွေက အခုလိုလုပ်ရပ်တွေလုပ်နေပေမဲ့ အထက်ကလူတွေက သိလာတဲ့အချိန်၊ တစ်ဖွဲ့ကိုတစ်ဖွဲ့ နားလည်မှုရှိလာတဲ့အချိန်ကျရင် သူတို့(AA)ဖက်က စေတနာကောင်းကောင်းနဲ့ ပြန်လွှတ်ပေးလာမှာကိုပဲစောင့်နေပါတယ်"ဟု ၄င်းကဆိုသည်။

ရခိုင်ပြည်ရှိ တခြားသော နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များအား AA က ဖမ်းဆီးခြင်းတို့ များပြားလာသည်ကို တွေ့နေရသည့်အတွက် ပြင်းထန်စွာကန့်ကွက်သည်ဟု ဆိုထားသည်။ AA အနေဖြင့် ရခိုင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်မည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ရန်တိုက်တွန်းသည်ဟုလည်း ဆိုထားသည်။

"တစ်ဖွဲ့ကိုတစ်ဖွဲ့ ဒီလိုလုပ်နေမယ်ဆိုရင် အမျိုးသားစည်းလုံးညီညွှတ်ရေးကို ရဖို့ဆိုတာက အရမ်းခဲယဉ်းသွားပါမယ်။ ကျမတို့အားလုံးဟာ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် လုပ်နေကြခြင်းဖြစ်တယ်။ကျမတို့တွေဟာ နောင်တစ်ချိန်မှာ စကားပြောလာရမဲ့သူတွေပါ။ ဒါကြောင့် အမျိုးသားစည်းလုံးညီညွှတ်ရေး ပျက်စီးမှာကို မလိုလားဘူး”ဟု ဒေါ်စောမြရာဇာလင်းကပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်ရာတွင် ၄င်းအား ဖမ်းဆီးထားမှုမရှိကြောင်းနှင့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်သာဖြစ်ကြောင်း တုန့်ပြန်ပြောဆိုသည်။

“ခိုင်မြသာ ဖမ်းဆီးခံရတဲ့ကိစ္စက သူတို့ ALP ပါတီတွင်းက သူတို့အချင်းချင်းကြားမှာ မပြေလည်တဲ့ပြဿနာတွေကြောင့် ဖြစ်လာရတဲ့ကိစ္စလို့ နားလည်တယ်။ ကျနော်တို့ အဖွဲ့အစည်းနဲ့သော် လည်းကောင်း၊ အဖွဲ့ဝင်တွေနဲ့သော်လည်းကောင်း တစ်စုံတစ်ရာပတ်သက်မှုမရှိပါ”ဟု ဦးခိုင်သုခက DMG သို့ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ဒေါ်စောမြရာဇာလင်း ဦးဆောင်သောအဖွဲ့သည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မကြာခဏ တက်ရောက်ဆွေးနွေးလျက်ရှိနေသည်။