- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
KNU တပ်မဟာနယ်မြေများတွင် တစ်လလုံးနီးပါး တိုက်ပွဲများကြောင့် ဒေသခံသိန်းနှင့်ချီပြီး တိမ်းရှောင်နေရ
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာနယ်မြေများတွင် မြန်မာစစ်တပ်နှင့် KNLA၊ KNDO ပူးပေါင်းအဖွဲ့တို့ကြားဖေဖော်ဝါရီတစ်လလုံးနီးပါးကြာတိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတစ်သိန်းကျော်မှာ နီးစပ်ရာတောတောင်များတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကေအန်ယူသတင်းအရင်းအမြစ်များထံမှသိရသည်။
27 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၂၇
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာနယ်မြေများတွင် မြန်မာစစ်တပ်နှင့် KNLA၊ KNDO ပူးပေါင်းအဖွဲ့တို့ကြားဖေဖော်ဝါရီတစ်လလုံးနီးပါးကြာတိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတစ်သိန်းကျော်မှာ နီးစပ်ရာတောတောင်များတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကေအန်ယူသတင်းအရင်းအမြစ်များထံမှသိရသည်။
KNU ထိန်းချုပ်ရာ တပ်မဟာနယ်မြေများအလိုက် မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်(BGF)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)ပူးပေါင်းအဖွဲ့တို့ကြား ယခုလပထမအပတ်မှ နာက်ဆုံးသီတင်းပတ်အချိန်ထိ ထိတွေ့တိုက်ပွဲပေါင်း (၆၇)ကြိမ် ဖြစ်ပွားခဲ့သည်ဟု KNU ဗဟိုမှထုတ်ပြန်သည်။
ထိုတိုက်ပွဲများအတွင်း စစ်တပ်နှင့် BGF အဖွဲ့မှ (၂၃၀)ဦးခန့် ကျဆုံးခဲ့ကာ (၁၅၉)ဦးထိခိုက်ခဲ့ပြီး KNLA၊ KNDO ပူးပေါင်းအဖွဲ့မှ (၅)ဦးထက်မနည်းကျဆုံးခဲ့ကာ (၂၁)ဦး ထိခိုက်ခဲ့ကြောင်းဆိုသည်။
တိုက်ပွဲများတွင် မြန်မာစစ်တပ်မှ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်အလုံး(၁၀၀)ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ ၂၀ ဦးကျော်ထိခိုက်ခဲ့ကာ သေဆုံးသူ ၁၈ ဦးကျော်ရှိခဲ့ကြောင်း ကရင်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးမှ DMG ကိုပြောသည်။
"စစ်ကောင်စီတပ်နဲ့ တစ်လနီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတာကော၊ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံနေအိမ်တွေပျက်စီးကုန်တာရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတာတွေကော သေဆုံးတာလည်းရှိနေပါတယ်"ဟု ၎င်းမှပြောသည်။
KNU တပ်မဟာ(၅)နယ်မြေ ဖါပွန်ခရိုင်(မူတြော်)ရှိ ဒွယ်လိုး၊ဘူးသိုနှင့် လူသောမြို့နယ်အနီးအနားသို့ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်(BGF)မှ တပ်ရင်း(၁၀၁၂)၊ တပ်ရင်း(၁၀၁၃)နှင့်တပ်ရင်း(၁၀၁၄)တို့မှ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်မှုများကြောင့် နေအိမ် ၁၅ လုံးကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများကဆိုသည်။
ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းကလည်း တပ်မဟာ(၃)နယ်မြေ ဖြစ်သည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုလ်ကျေးရွာ အနီး၌ မြန်မာစစ်တပ်မှ စစ်ကား ၁၀ စီးဖြင့် အင်အားဖြည့်တင်းရန်လာစဉ် KNLA ပူးပေါင်းအဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အင်္ဂဘိုလ်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။
"မနက် ၁၀ နာရီလောက်ပဲ။လစစ်ကား ၁၀ စီးကျော် အင်္ဂဘိုလ် ဘက်ကိုဖြတ်မောင်းလာတုန်း မိုင်းခွဲခံရပါတယ်။ နှစ်ဖက်စလုံးသေနတ်ပစ်ခတ်တဲ့အသံတွေကြားရပါတယ်။ အထိအခိုက်ရှိတဲ့အသံတော့ မကြားသိရသေးပါဘူး"ဟု ၎င်းကျေးရွာသားက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ယခုနှစ် ဖေဖော်ဝါရီလအထိ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ကရင်ဒေသခံတစ်သိန်းကျော်မှာ နီးစပ်ရာတောတောင်များ၊ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အနီးနှင့် ထိုင်းနိုင်ငံ မဲဆောက်တို့ကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိနေသည်။