- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
KNU တပ်မဟာ ၆ နယ်မြေသို့ စစ်ကောင်စီတပ်ဝင်ရောက်မှုကြောင့် နှစ်ဖွဲ့အပြန်အလှန်စောင့်ကြည့်နေ
ကရင်အမျိုးသားအစည်းရုံး (KNU) တပ်မဟာ ၆ နယ်မြေများသို့ ပြီးခဲ့သည့် နိုဝင်ဘာ နောက်ဆုံး သီတင်းပတ်နှင့် ဒီဇင်ဘာ ပထမသီတင်းပတ်အတွင်း၌ စစ်ကောင်စီတပ်အင်အား အများအပြားဖြင့် စစ်ကြောင်းဝင်ရောက်မှုများရှိနေ၍ နှစ်ဖွဲ့အပြန်အလှန်စောင့်ကြည့်နေပြီး ဒေသခံပြည်သူများမှ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။
14 Dec 2021
DMG ၊ ဒီဇင်ဘာ ၁၄
ကရင်အမျိုးသားအစည်းရုံး (KNU) တပ်မဟာ ၆ နယ်မြေများသို့ ပြီးခဲ့သည့် နိုဝင်ဘာ နောက်ဆုံး သီတင်းပတ်နှင့် ဒီဇင်ဘာ ပထမသီတင်းပတ်အတွင်း၌ စစ်ကောင်စီတပ်အင်အား အများအပြားဖြင့် စစ်ကြောင်းဝင်ရောက်မှုများရှိနေ၍ နှစ်ဖွဲ့အပြန်အလှန်စောင့်ကြည့်နေပြီး ဒေသခံပြည်သူများမှ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။
ကေအန်ယူတပ်မဟာ ၆ ထိန်းချုပ်နယ်မြေများဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့နယ် မဲ့ထော်သလေးကျေးရွာ လေးကေ့ကော်မြို့သစ်၊ ဖလူးလေးကျေးရွာအပါအဝင် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နှင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် လမ်းမအနေအထားတို့တွင် စစ်ကောင်စီတပ်အင်အား ၂၀၀ ကျော်နှင့် ပူးပေါင်းထားသော နယ်ခြားစောင့်တပ် (BGF) တပ်များ နေရာယူဂိတ်ဖွင့်လှစ်ကာ စစ်ဆေးရေးတင်းကြပ်မှုများရှိနေကြောင်း ဒေသခံများမှ ဆိုသည်။
လေးကေ့ကော်မြို့သစ်သို့ တပ်အင်အား ၂၀၀ ကျော်ခန့်ဖြင့် စစ်ကောင်စီတပ်သားများ အမြှောက်ကုန်း၊ ရသေ့ဂူ၊ ဖလူးလေးဘက်မှ စစ်ကြောင်းဝင်ရောက်နေသည်မှာ စစ်ကောင်စီတပ်မှ ထောက်လှမ်းရန် လုပ်ဆောင်ရန်ကြိုးစားမှုကြောင့် ဗိုလ်မှူးတစ်ဦး၊ အခြားအဆင့်နှစ်ဦး အပါအဝင်သုံးဦးကို KNU တပ်မဟာ ၆ လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) မှ ဖမ်းဆီးထားမှုကြောင့် ဖြစ်နိုင်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်အပြန်အလှန် ညှိနှိုင်းမှုများပြုလုပ်နေကြောင်း ကေအန်ယူနှင့် နီးစပ်သည့်သတင်းအရစ်အမြစ်က သိရသည်။
ထိုစစ်ကြောင်းများ ဝင်ရောက်မှုကြောင့် ယနေ့ ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းအချိန်တွင် ဧရာဝတီတိုင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မြောင်းမြမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူကို ထင်လင်းကျော်အပါအဝင် ၁၀ ဦးထက်မနည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရကြောင်း လေးကေ့ကော်မြို့သစ် နေထိုင်သူတစ်ဦးက ပြောသည်။
"အခုမနက်ပဲ မြို့သစ်ထဲဝင်စစ်တာ။ စစ်သားအများကြီးနဲ့။ ကြားရတာကဧရာဝတီက အမတ်တစ်ဦးတဲ့။ သူနဲ့ကော လူ ၁၀ ယောက်ကျော်လောက် အဖမ်းခံရတယ်။ အခုသူတို့ကို ဘယ်ကိုခေါ်သွားတာလဲမသိဘူး။" ဟု အဆိုပါ ဒေသခံမှပြောသည်။
စစ်ကောင်စီတပ် အမှတ် ၅၆၀ ခြေမြန်တပ်ရင်းနှင့် နယ်ခြားစောင့်တပ် (BGF) တို့မှ စစ်ဆေးရေးတင်းကြပ်နေသည့်အပြင် PDF နှင့် ဆက်နွယ်သည့် လူငယ်များကို ဖမ်းဆီးမှုများရှိနေခြင်းကြောင့် မြဝတီမြို့နှင့် မဲ့ထော်သလေးကျေးရွာအပြင် လေးကေ့ကော်မြို့သစ်များသို့ ကုန်စည်ပို့ဆောင်ရန် အပါအဝင်သွားလာရာတွင် အခက်အခဲများစွာဖြစ်နေရကြောင်း မဲ့ထော်သလေးကျေးရွာဒေသခံတစ်ဦးမှ DMG ကို ပြောသည်။
"မြဝတီမြို့ဘက်ကိုကော ရွာဘက်ကိုကော သွားလာရာတာက တော်တော်ခက်တယ်ဗျာ။ ကုန်စည်ပို့တာတို့ ကယ်ရီဆွဲရတာတို့ကျတော့ အဖမ်းအဆီးတွေစစ်ဆေးတွေ လုပ်နေတော့ အပြင်ထွက်ရတာ အဆင်ကိုမပြေတော့ပါဘူး။ အခြေအနေကြည့်ပြီး လုပ်ကိုင်နေရပါတယ်။" ဟု အဆိုပါ ကျေးရွာဒေသခံမှ ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း၌ စစ်ကောင်စီ တပ်အင်အားအများအပြားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ရှိနေသည်ဟုဆိုပြီး လေးကေ့ကော်မြို့သစ်အတွင်းသို့ စစ်ကြောင်းများဖြင့် ၇ ကြိမ်အထိ ဝင်ရောက်စစ်ဆေးမှုရှိခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နှင့် မွန်ပြည်နယ်သံဖြုဇရပ်မြို့နယ် ကားလမ်းမပေါ်၌လည်း စစ်ကောင်စီတပ်များနှင့် နယ်ခြားစောင့်တပ် (BGF) တို့မှ လမ်းများပိတ်ဆို့ပြီး စစ်ဆေးမှုများပြုလုပ်နေသည့်အပြင် လွန်ခဲ့သည့် ၁၀ ရက်ကျော်တွင် ဗိုလ်မုတ်သုန်ဦးဆောင်သည့် BGF အဖွဲ့အင်အား ၂၀၀ ကျော်မှာမြို့တွင်းရှိ တပ်များထံသို့ ရိက္ခာပို့ဆောင်ရန်ဟုဆိုပြီး အင်အားအများအပြား တက်ရောက်သွားခြင်းကြောင့် နှစ်ဖက်အပြန်အလှန် တင်းမာမှုများရှိနေကြောင်း ကေအန်ယူ တပ်မဟာ ၆ နှင့် နီးစပ်သူတစ်ဦးမှ ဆိုသည်။
"အရင်နှစ်ရက်ကပေါ့။ စစ်ကောင်စီတပ်တွေကော BGF တွေလည်းပါတယ်။ အင်အား ၂၀၀ လောက်ရှိတယ်။ ဘုရားသုံးဆူမြို့ထဲကို တက်လာတာ။ ရိက္ခာပို့မလိုဆိုပြီး အကြောင်းကြားတယ်ပေါ့နော်။ အပြင် အိမ်စီးကားတွေနဲ့ပဲ အစီး ၅၀ ကျော် တယ်တက်လာတာခင်ဗျ။ အင်အားအရမ်းများတော့ ဒီဖက်ဟိုဖက်ပေါ့ အပြန်အလှန်သတိထားပြီး စောင့်ကြည့်နေရတယ်။" ဟု သူကဆိုသည်။
ကေအန်ယူဒူးပလာခရိုင် ဥက္ကဌ မှ လည်း တပ်မဟာ ၆ နယ်မြေအတွင်း၌ PDF နှင့် ဆက်နွယ်သူများ ဝင်ရောက်လှုပ်ရှားမှုများမပြုလုပ်ကြရန် သတိပေးစာများ ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်နှင့် လက်အောက်ခံ BGF တပ်များအပါအဝင် ကေအန်ယူတပ်မဟာ ၆ ကြား နှစ်ဖက်အပြန်အလှန် စောင့်ကြည့်မှုများမှတဆင့် အခြေအနေတင်းမာလာပြီးနောက်တိုက်ပွဲအဆင့်သို့တဖြေးဖြေးဦးတည်လာနိုင်ကြောင်း နိုင်ငံရေး၊ စစ်ရေးလေ့လာသူတစ်ဦးက ဆိုသည်။
" အခုဆို ဖမ်းဆီးမှုတွေရှိလာတယ်ဆိုတော့ အခြေအနေထိန်းသိမ်းနိုင်ရင်တော့ ကောင်းမယ်ပေါ့။ ဒါပေမဲ့အဲလိုမှ မဟုတ်ဘူးဆိုရင် တိုက်ပွဲတွေဖြစ်ပွားနိုင်ဖို့ တဖြေးဖြေးဦးတည်နေတယ်" ဟု သူကဆိုသည်။
ကရင့်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ မြဝတီမြို့နယ်နှင့် လေးကေ့ကော်မြို့သစ်ကြားတွင် စစ်ကောင်စီတပ်များအပါအဝင် ဗိုလ်မုတ်သုန်ဦးဆောင်သည့် နယ်ခြားစောင့်တပ် (BGF) တို့ အင်အားအများအပြားရှိသည့်အပြင် ကရင်ဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA) အဖွဲ့နှင့် DKBA ခွဲထွက်အဖွဲ့များမှာလည်း အင်အားအများအပြားဖြင့် တပ်စွဲထားသည်။