KNU တပ်မဟာ(၁)နယ်မြေမှ မြန်မာစစ်တပ်ဆုတ်ခွာပေးရန် ထုတ်ပြန်ပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ၌ တပ်စွဲထားသည့် မြန်မာစစ်တပ်ကို ပြန်လည်ဆုတ်ခွာရန် KNU မှထုတ်ပြန်မှုကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဒေသခံသတင်းရင်းမြစ်များမှ သိရသည်။

22 Apr 2022

Photo Credit - ကရင်အမျိုးသားအစည်းရုံး(KNU)

DMG ၊ ဧပြီ ၂၂

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ၌ တပ်စွဲထားသည့် မြန်မာစစ်တပ်ကို ပြန်လည်ဆုတ်ခွာရန် KNU မှထုတ်ပြန်မှုကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဒေသခံသတင်းရင်းမြစ်များမှ သိရသည်။

ဘီလင်းမြို့နယ် လေးကေနှင့် ဝင်းတာပန်စခန်းတို့၌ တပ်စွဲထားသော မြန်မာစစ်တပ်ကို ဧပြီလ ၂၃ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် တပ်ဆုတ်ထွက်ခွာရန်နှင့် မဆုတ်ခွာပါက စစ်ရေးအရ တုံ့ပြန်မည်ဖြစ်ကြောင်း KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်မှ ပြီးခဲ့သည့်ဧပြီ ၂၀ ရက်နေ့၌ထုတ်ပြန်ထားသည်။

ထိုသို့ထုတ်ပြန်ပြီးနောက် ဘီလင်းမြို့နယ်အနီးရှိကျေးရွာများ၌ နှစ်ဖက်စစ်ရေးတင်းမာမှုရှိနေပြီး တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်နေရကြောင်း ဘီလင်းမြို့ဒေသခံတစ်ဦးမှပြောသည်။

"KNU ဘက်က ထုတ်ပြန်စာထုတ်လိုက်တဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာနေပါတယ်။ တိုက်ပွဲထပ်ပြီးဖြစ်လာမလားဆိုပြီး စိုးရိမ်နေရပါတယ်။ ဒီနေ့မနက်ကဆို ဘီလင်းမြို့အတွင်းနဲ့အပြင်မှာ လုံခြုံရေးအရစစ်ဆေးတာ အရင်ထက်ပိုပြီးတင်းကြပ်နေတာတွေ့ခဲ့ရတယ်"ဟု ၎င်းကဆိုသည်။

ထို့အပြင် ယာဉ်သွားလာမှုများကိုလည်း နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းခွင့်ပြုထားကြောင်း KNU တပ်မဟာ(၁)၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

KNU တပ်မဟာ(၁)နှင့်နီးစပ်သူတစ်ဦးမှ "အခုလိုထုတ်ပြန်လိုက်တဲ့အတွက် ဘီလင်း-သထုံ-ဘားအံ ကားလမ်းမတစ်လျှောက်မှာတော့ စစ်ကောင်စီက စစ်ဆေးတာပိုများနေတယ်။ နှစ်ဖက် စလုံးကတော့ စောင့်ကြည့်နေတဲ့အခြေအနေရှိနေပါတယ်"ဟု ဆိုသည်။

KNU ၏ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ မြန်မာစစ်တပ်ဘက်မှ တစုံတရာထုတ်ပြန်ပြောဆိုထားခြင်းမျိုး မရှိသေးပေ။

KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်အတွင်း၌ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံတစ်သောင်းကျော်မှာ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်း ကရင်ဒေသခံစစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။